မိမိတို့ ဒုံးကျည်များ ဝေးလံစွာရောက်နိုင်သည်ဟု အစ္စရေးက အီရန်အား သတိပေး
အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ရှိ ရေတပ်အခြေစိုက်စခန်းသို့ သွားရောက်ရာတွင် Iron Dome ဒုံးဖျက်ဒုံးစနစ်အနီး တွေ့ရသည့် ဝန်ကြီးချုပ် နေတန်ညာဟု (Jack Guez / Pool via REUTERS)
အစ္စရေးဒုံးကျည်များသည် အဝေးသို့ရောက်ရှိနိုင်သည်ဟု ပိုလန်နိုင်ငံတွင် ကျင်းပမည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကွန်ဖရင့် မကျင်းပမီတစ်ရက်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက အီရန် အား သတိပေးပြောကြားသည်။
နိုင်ငံမြောက်ပိုင်း ဟိုင်ဖာရေ တပ်စခန်းသို့ အလည်အပတ် ရောက်ရှိစဉ် ‘‘ကျွန်တော့်နောက်မှာ မြင်နေရတဲ့ ဒုံးကျည်ဟာ ခရီးအဝေးကြီး သွားနိုင်ပါတယ်။ ဘယ်ရန်သူကိုမဆို ချေမှုန်းနိုင်ပါတယ်။ ကျွန်တော်တို့ ဒေသက အီရန်ရဲ့ လက်ပါးစေတွေကိုလည်း ချေမှုန်းပါတယ်’’ဟု လက်ဘနွန်မှ ဟစ်ဘိုလာအဖွဲ့ကို ရည်ညွှန်း၍ နေတန်ညာဟုက ပြော သည်။
အီရန်နှင့် ၎င်းတို့၏လက်ပါးစေများ မိမိတို့နိုင်ငံမြောက်ပိုင်းတွင် ခြေကုပ်ယူခြင်းမှ ကာကွယ်တားဆီးရန် လိုအပ်တာ မှန်သမျှကို လုပ်ဆောင်နေသည်ဟု အစ္စရေး၏ သံကွန်ခြာ (Iron Dome) ဒုံးခွင်းဒုံးစနစ်ကို ကြည့်ရှုစစ်ဆေး ခဲ့သော ဝန်ကြီးချုပ်က ပြောကြား သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အစ္စရေးသည် ဆီးရီးယားနိုင်ငံမှ အီရန်နှင့် ဟစ်ဘိုလာ ပစ်မှတ် အများအပြားကို အကြိမ် ရာနှင့်ချီ၍ တိုက်ခိုက်ခဲ့သည်။
ယင်းအဖွဲ့များသည် ဆီးရီးယားပြည်တွင်းစစ်တွင် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရကို ထောက်ခံကူညီနေသည်။
အစ္စရေးဝန်ကြီးချုပ်သည် နောက်တစ်နေ့တွင် အမေရိကန် နှင့် ပိုလန်နိုင်ငံတို့က ကျင်းပသောနှစ်ရက်တာ လုံခြုံရေး အစည်းအဝေးသို့ မတက်ရောက်မီ အီရန် အား သတိေ ပးပြောကြားခြင်းဖြစ်သည်။
ယင်းအစည်းအဝေးတွင် အရှေ့အလယ်ပိုင်း၌ အီရန်၏ မတည်မငြိမ်ဖြစ်စေသော လွှမ်းမိုးမှုကို အဓိကထား ဆွေးနွေးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောသည်။
—Ref: Reuters