အမေရိကန်တပ်ဆက်ထားရေး ငွေပိုပေးမည့်သဘောတူညီချက် တောင်ကိုရီးယား လက်မှတ်ထိုး
ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်တပ်တွေ ဆက်ထားရေး တောင်ကိုရီးယားအစိုးရက ငွေပိုပေးမယ့် ကာလတို သဘောတူညီချက်ကို တောင်ကိုရီးယား အစိုးရက ဖေဖော်ဝါရီ ၁၀ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
သဘောတူညီချက်အဟောင်း သက်တမ်းကုန်အပြီးမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ငွေပိုပေးဖို့ ဆော်သြခဲ့တာပါ။
သဘောတူညီချက်အသစ်ကို တောင်ကိုရီးယား လွှတ်တော်မှာ အတည်ပြုဖို့တော့ လိုပါသေးတယ်။
ဒါပေမယ့် တောင်ကိုရီးယားဟာ ၂၀၁၈ ခုနှစ်မှာ ကိုရီးယား ဝမ်ငွေ ဘီလျံ ၉၆၀ ပေးရတာကနေ ကိုရီးယား ဝမ်ငွေ ၁.၀၃ ထရီလျံထိ တိုးပေးရမှာပါ။
အရင်သဘောတူညီချက်တွေက ငါးနှစ်သက်တမ်းအတွက် အခြေခံ ပေးချေရတာဖြစ်ပေမယ့် ခုတကြိမ်မှာတော့ တနှစ်သက်တမ်းအတွက် စီစဉ် ထားပါတယ်။
လပိုင်းအတွင်း ဈေးညှိနှိုင်းနိုင်ဖို့ ဖြစ်နိုင်ချေ ရှိနေပါတယ်။ သဘောတူညီချက် အသစ်အပေါ် ပြည်တွင်း ဝေဖန်ချက်တွေ ရှိနေပေမယ့် တုံ့ပြန်မှုတွေက အပြုသဘော ဆောင်နေဆဲပဲလို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ကန်းကျောင်းဟွာက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများနဲ့ သဘောတူညီချက်များဆိုင်ရာ အကြီးတန်းအကြံပေး တီမိုသီဘတ်စ်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ငွေပမာဏက နည်းနည်းပဲ ကိုယ်စားပြုပေမယ့် မဟာမိတ်အတွက် တောင်ကိုရီးယားရဲ့ ပံ့ပိုးမှုက အရေးကြီးတဲ့ အစိတ်အပိုင်းပဲလို့ သူက ကန်းကို ပြောခဲ့ပါတယ်။
၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲ အပစ်အခတ် ရပ်စဲပြီးကတည်းက တောင်ကိုရီးယား နိုင်ငံအတွင်း အမေရိကန် စစ်သည် အင်အား ၂၈၅ဝဝ တပ်စွဲထားပါတယ်။
ဒီအတွက် အသုံးစရိတ် မျှဝေသုံးစွဲရာမှာ တောင်ကိုရီးယားဘက်က ပိုထည့်ဝင်ဖို့ ထရမ့်က ထပ်ခါတလဲ ဆော်သြခဲ့တာပါ။
တောင်ကိုရီးယား အရာရှိတွေကတော့ ကိုရီးယား ဝမ်ငွေ တစ် ထရီလျံနဲ့ အနည်းဆုံး ၃နှစ် စာချုပ် ချုပ်ဖို့ ကြိုးစားခဲ့ပြီးပြီလို့ ပြောပါတယ်။
by DVB