ထိုင်းနိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်

ဗန်ကောက် ဇန်နဝါရီ ၂၄

ထိုင်းရွေးကောက်ပွဲကို မတ် ၂၄ ရက် တွင် ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ ပြီးနောက် ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ကို စတင်လုပ်ဆောင်လျက် ရှိပြီဖြစ်ကြောင်း ယနေ့ သတင်းများအရ သိရသည်။

ယခု ရွေးကောက်ပွဲသည် တပ်မတော်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ ပြန်လည် ရောက်ရှိရန် တွန်းပို့ပေးမည့် အရေးပါသော အဆင့်တစ်ခု ဖြစ်သည်။

နိုင်ငံရေးပါတီများက ရွေးကောက်ပွဲအတွက် ၎င်းတို့၏ ကြိုတင်ပြင်ဆင်မှုများနှင့် နိုင်ငံရေးအခင်းအကျင်းများကို မီဒီယာသို့ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်အား ထောက်ခံသည့် ပါလန်းပရာချရတ် ပါတီခေါင်းဆောင် ဆာဗာနာရာနာက ၎င်းတို့ ပါတီ အနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်ကြောင်းနှင့် ပါတီအဖွဲ့ဝင်ဟောင်းများသည် အတွေ့အကြုံ ရင့်ကျက်မှုရှိပြီး ပါတီအဖွဲ့ဝင်အသစ်များသည် စိတ်အား ထက်သန်မှုနှင့် စိတ်ကူးအတွေးအခေါ် အကြံအစည်များ ကောင်းမွန်ကြသည် ဟု မီဒီယာသို့ ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ထောက်ခံအားပေးသည့် ဖူးထိုင်းပါတီ ခေါင်းဆောင် ဗီရိုဂ်ျပါအိုအင်းက ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးမည့် ပေါင်းကူးတံတားတစ်ခု ဖြစ်သည့်အတွက် ဝတ္တရားမပျက် ဆန္ဒမဲများ ထည့်သွင်းကြရန် ထိုင်းပြည်သူများနှင့် ဖူးထိုင်း ပါတီဝင်များအား တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖူးထိုင်းပါတီခေါင်းဆောင်က လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းရွက်ဆဲ ဝန်ကြီး လေးဦး ပါဝင်သည့် တပ်မတော်ထောက်ခံသော ပါတီတစ်ရပ်ကို ထူထောင်ယှဉ်ပြိုင်ခွင့်ပြုခြင်းအပေါ် ဝေ ဖန်ရှုတ်ချခဲ့သည်။

ထိုင်းတပ်မတော်သည် ၂၀၁၄ ခုနှစ် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် အစိုးရအဖွဲ့အား ထိန်းချုပ်ခဲ့သည်။ တရားမျှတ သည့် ရွေးကောက်ပွဲ တစ်ရပ်ကျင်းပကာ ပြည်သူများ ရွေးချယ်သည့် အရပ်သား အစိုးရအဖွဲ့လက်သို့ အာဏာ လွှဲပြောင်း ပေးမည်ဟု ကတိပြုပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ အနေဖြင့် တပ်မတော်ထောက်ခံသည့် ပါတီများ အနက် တစ်ခုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်ေ လ့လာသူများ က ဆိုသည်။ (ကြေးမုံ)