နယ်စပ်တံတိုင်း တည်ဆောက်ရေး ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ ချထားပေးရန် ထရမ့် တိုက်တွန်း

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ ချထားပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်ကို ဇန်နဝါရီ ၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့် တဖက်သတ် ရန်ပုံငွေချထားရေးကို ဖြစ်စေနိုင်တဲ့ အမျိုးသား အရေးပေါ် အခြေအနေ ကြေညာဖို့ကိုတော့ သမ္မတ ထရမ့်က လက်ရှောင်ခဲ့ပါတယ်။

ရုပ်သံကနေ နိုင်ငံကိုကြေညာတဲ့ မိန့်ခွန်းမှာ သမ္မတ ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်မှာ လုံခြုံရေးပြဿနာ ကြီးထွားနေတယ်လို့ ပြောပါတယ်။

အစောပိုင်းက ထရမ့်ဟာ သမ္မတအာဏာသုံးပြီး အရေးပေါ်အခြေအနေ ကြေညာမယ်လို့ အရိပ်အမြွက် ပြောခဲ့ပေမယ့် အခုအခါမှာတော့ သူဟာ ကွန်ဂရက်နဲ့ သဘောတူညီချက်မရတဲ့ ပြဿနာကို ဆက်လက်အဖြေရှာဖို့ ဆန္ဒရှိပုံ ရနေပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ သမ္မတ ထရမ့်ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်ကို  သွားရောက်ဖို့ရှိနေပြီး အမျိုးသား အရေးပေါ်အခြေအနေ ကြေညာမလားဆိုတာ မသဲကွဲသေးပါဘူး။

သမ္မတ ထရမ့်ရဲ့ အခုလို မှတ်ချက်ပေး ပြောကြားချက်ဟာ အစိုးရယန္တရား တစိတ်တပိုင်း ရပ်တန့်ပြီး ၁၈ ရက်အကြာမှာ ပေါ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဗွီဘီ