MMA ဖိုက်တာအမျိုးသမီးကို လုယက်မိလို့ အကြောင်းမလှဖြစ်ခဲ့ရတဲ့ ဓားပြ

ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနဲရိုးမြို့ (Rio de Janeiro) က ဓားပြတစ်ယောက်ကတော့ MMA ဖိုက်တာအမျိုးသမီးရဲ့ ဖုန်းကို ခြိမ်းခြောက်လုယက်ခဲ့မိတာကြောင့် ကိုယ်ခံပညာရဲ့အရသာကို မရှုမလှခံစားသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က UFC စထရောဝိတ်တန်းကစားသမားဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ပေါ်လီယာနာ ဗီယာနာ (Polyana Viana) ဟာ တိုက်ခန်းရှေ့မှာ Uber Taxi ကိုစောင့်နေတုန်း လူတစ်ယောက်ရောက်လာပြီး သူ့မှာသေနတ်ပါလာကြောင်း ခြိမ်းခြောက်ကာ ဗီယာနာဆီက ဖုန်းကို လုယက်ခဲ့တာဖြစ်ပါတယ်။

သေနတ်ပါတယ်ဆိုတာ တကယ်မဟုတ်ဘူးလို့ ဗီယာနာကသိခဲ့ပြီးတဲ့နောက် လုယက်သူရဲ့သေနတ်ဆိုတဲ့အရာကို ဆွဲမထုတ်ရသေးခင်မှာပဲ လက်သီးနှစ်လုံး၊ ခြေကန်ချက်တစ်ချက်နဲ့ မိတ်ဆက်ပေးလိုက်ကာ ရဲတွေရောက်လာတဲ့ အထိ သူ့လည်ပင်းကိုချုပ်ထားပြီး စောင့်ဆိုင်းခဲ့နေတာပါ။ ရယ်စရာကောင်းတာကတော့ လုယက်သူပြောတဲ့ သေနတ်က ပစ္စတိုပုံတူ ကတ်ထူသေနတ်တစ်ခု ဖြစ်နေတာပါပဲ။

သွေးအလိမ်းလိမ်းအကွဲအပြဲဒဏ်ရာတွေနဲ့ ဖူးရောင်နေတဲ့ လုယက်သူကို Polyana Viana တင်တဲ့ပုံတွေမှာ တွေ့ခဲ့ရပြီး “ကျွန်မကို သူ လက်သီးနဲ့ မြန်မြန်ပြန်ထိုးနေကတည်းက သူသိပ်လန့်နေပြီဆိုတာကို သိတယ်” လို့ Polyana Viana က ပြောခဲ့ပါသေးတယ်။ ရဲတွေရောက်လာပြီိးချိန်မှာ လုယက်သူကို စစ်ဆေး ခေါ်ဆောင်သွားကြကာ ဒဏ်ရာတွေကို ဆေးကုပေးခဲ့ရပြီး ဗီယာနာကတော့ နောက်နေ့အထိ လက်တွေ နာကျင်နေတာက လွဲရင် ဘာမှထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဗီယာနာမှာ ယခုဖြစ်ရပ်မတိုင်မီ ဆိုင်ကယ်သမားနှစ်ဦး၏ ဖုန်းလုယူခြင်းခံခဲ့ရပြီး သူ၏ ထိုးကြိတ်မှုကြောင့် အဆိုပါ လုယူသူ နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။

ဗီယာနာသည် အသက် ၂၆ နှစ်အရွယ်ရှိပြီး MMA ပွဲစဉ်များတွင် ၁၀ ပွဲနိုင်၊ နှစ်ပွဲရှုံးမှတ်တမ်းရှိထားကာ ပြီးခဲ့သည့်နှစ် သြဂုတ်လက်က ထိုးသတ်ခဲ့သော UFC227 တွင်မူ ပြိုင်ဘက်ဖြစ်သူ ဂျေဂျေအယ်လ်ဒရစ်ခ်ျကို အရေးနိမ့်ထားခဲ့သည်။

—Ref: Marca