သူ့ကို စိန်ခေါ်ထားသူ ဖီလစ်ပိုင် ဟဲဗီးဝိတ် ချန်ပီယံနဲ့ ထိုးသတ်ချင်တယ်လို့ ပြောဆိုလိုက်တဲ့ ,အောင်လ အန်ဆန်း

One Championship ရဲ့ heavyweight ချန်ပီယံဆု ကို ပူပူနွေးနွေး ပြန်လည် သိမ်းပိုက်ထားတဲ့ ဖီလစ်ပိုင် ဖိုက်တာကြီး ဘရန်ဒါ ဗီရာကတော့ 2019 ခုနှစ် အတွင်းမှာ Light Heavyweight ချန်ပီယံဆု ကိုပါ ထပ်မံ ရယူပြီး နှစ်ထပ်ကွမ်း ချန်ပီယံ အဖြစ်နဲ့ ရပ်တည်သွားဖို့ ပစ်မှတ် ထားနေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာ ဖြစ်ပြီး ၊ အဲဒီဆု အတွက် အောင်လန် အန်ဆန်းကို စိန်ခေါ် ထိုးသတ်ချင်တဲ့ အကြောင်း ဖီလစ်ပိုင် မီဒီယာတွေကနေ ဖွင့်ဟထားခဲ့တာ ဖြစ်ပါတယ်။

အသက် 41 နှစ် အရွယ် ရှိပြီ ဖြစ်သော်လဲ မကြာသေးခင် ကမှ MMA လောကကို ပြန်လည် ၀င်ရောက် လာခဲ့ကာ ၊ ယခင် သူ ရယူထားခဲ့တဲ့ One Heavyweight Champion ဆု အတွက် အီတလီသား ဖိုက်တာ စီရီလီ နဲ့ မနီလာမှာ ထိုးသတ်ခဲ့ပြီး ၊ တစ် မီးနစ် စွန်းစွန်း အရောက်မှာပဲ KO နဲ့ အနိုင် ရရှိကာ ၊ ချန်ပီယံ ခါးပတ်ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီရာက အောင်လ အန်ဆန်း နဲ့ ပတ်သက်လို့ “ ကျနော်တို့ ဖီလစ်ပိုင် ကလူတွေ ကတော့ အောင်လ အန်ဆန်းအကြောင်း သိပ်ပြီး ရင်းနှီးကြမယ် မထင်ပါဘူး ။ တကယ်ကို တော်တဲ့ ကစားသမားပါ ။ MMA အကြောင်း ပြောကြမယ် ဆိုရင် အောင်လ အကြောင်း မပါပဲနဲ့ မပြီးဘူးလို့တောင် ဆိုလို့ ရပါတယ်” လို့ ချီးကျူး စကား ဆိုထားခဲ့ ပါတယ်။

အောင်လ အန်ဆန်းကတော့ အဲဒီ စိန်ခေါ်မှု နဲ့ ပတ်သက်ပြီး “ ဗီရာက ၀ိတ်တန်း နှစ်ခုရဲ့ ချန်ပီယံ ဖြစ်ချင်နေတာပါ။ ဒါကြောင့်မို့ ကျနော်နဲ့ Light Heavyweight ချန်ပီယံ ဆု အတွက် ထိုးသတ်ချင်နေတာ ဖြစ်သလို ၊ ဒီပွဲဟာ ရင်ခုန် စိတ်လှုပ်ရှား စရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

တကယ်တော့ ကျနော်က ဗီရာ ရဲ့ ပရိသတ် တစ်ဦးဗျ ။ ကိုယ်အားကျတဲ့ ဖိုက်တာ တစ်ယောက်နဲ့ ထိုးသတ်ခွင့် ရမယ်ဆိုရင် အိမ်မက်တွေ တကယ် ဖြစ်လာသလိုပါပဲ။ ကျနော်ဖြင့် သူ့ရဲ့ ပွဲတွေကို လိုက်ကြည့်ရင်း အားပေးလာခဲ့တာ ဆယ်စုနှစ် တစ်ခု ပြည့်တော့မှာလေ။

သေချာတာကတော့ ဒီပွဲဟာ အနိုင်အရှုံးအတွက် လုံးဝ ကြိုတွက်ထားလို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ ဘယ်သူက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်လဲ ၊ ဘယ်သူက အရင် ထိချက်များအောင် ထိုးနိုင်လဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး အဖြေပေါ်သွားမယ် ထင်ပါတယ်။ ပရိသတ်တွေ ကြိုက်တဲ့ ပွဲမျိုး ဖြစ်လာမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်လက်ပြီး အောင်လ အန်ဆန်းက မြန်မာပြည်ကနေ နောက်ထပ် MMA ကစားသမားတွေ ထပ်မံ ပေါ်ထွက်လာအောင် စီမံကိန်းချပြီး လုပ်ဆောင်နေတယ်လို့ ပြောဆိုသွားခဲ့သလို ၊ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခံယူချက်တွေကြောင့် ဖိုက်တာကောင်းတွေ ပေါ်ထွက်လာလိမ့်မယ်လို့လဲ ယုံကြည်လျှက် ရှိနေပါတယ်။ 

_Sportsmyanmar