အပစ်အခတ်ရပ်စဲရေး အသက်မဝင်မီ ယီမင်အစိုးရတပ်နှင့် ဟူသီသူပုန် တိုက်ပွဲအပြင်းအထန်ဖြစ်

အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ဖို့ ရက်ပိုင်းအလို ဒီဇင်ဘာ ၁၆ ရက်နေ့က ယီမင်နိုင်ငံ ဟိုဒီဒါမြို့မှာ အစိုးရတပ်နဲ့ ဟူသီသူပုန်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ဟိုဒီဒါက ယီမင်အတိုက်အခံပါတီတွေကြား သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖို့ သဘောတူထားတာပါ။

စားနပ်ရိက္ခာနဲ့ အကူပစ္စည်းတွေ ပေးပို့မှုအတွက် အရေးပါတဲ့ ဆိပ်ကမ်းမြို့မှာ နောက်ထပ် သွေးထွက်သံယို တိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့အတွက်ဆိုပြီး နှစ်ဖက်တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဟူသီသူပုန်တွေအနေနဲ့ ပြီးခဲ့တဲ့လပိုင်းက လက်လွှတ်ခဲ့ရတဲ့ ဟိုဒီဒါဒေသ ထိန်းချုပ်ခွင့်ကို ပြန်ရနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး မတိုင်ခင်အချိန်ကို အသုံးချနေတာလို့ ယီမင်အစိုးရ ကိုယ်စားလှယ်တဦးက ပြောပါတယ်။

အီရန်က ပံ့ပိုးပေးနေတဲ့ ဟူသီအုပ်စုနဲ့ ဆော်ဒီ ကျောထောက်နောက်ခံ ယီမင်သမ္မတ အက်ရက်ဘူမန်စာ ဟော်ဒီတို့ဟာ ပင်လယ်နီမြို့တော်မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရပ်စဲပြီး တပ်တွေပြန်ဆုတ်ပေးဖို့အတွက် ဆွီဒင်မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု တပတ်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သဘောတူညီခဲ့ကြတာပါ။

ဟိုဒီဒါဆိပ်ကမ်းမြို့မှာ တိုက်ပွဲကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် ကုလသမဂ္ဂက ကြိုးပမ်းနေပါတယ်။

အဲဒီဆိပ်ကမ်းဟာ ယီမင်အတွက် လူသုံးကုန်တွေနဲ့ အရေးကြီး အကူအညီပေးရေး ပစ္စည်းတွေ ဝင်ရောက်ရာနေရာ ဖြစ်သလို ဆာလောင်မွတ်သိပ်မှုကို ရင်ဆိုင်နေရတဲ့ ယီမင် သန်းပေါင်းများစွာရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။

DVB