မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးကို ရာထူးက ထုတ်ပယ်

ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့အပေါ် ဘောလုံး အဖွဲ့ချုပ် နည်းစနစ်ကော်မတီက သုံးသပ်ပြီး အသင်းနည်းပြချုပ် အန်တွမ်နီဟေးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးတို့ နှစ်ဖက်သဘောတူ စာချုပ် ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ပါတယ်။

နည်းပြချုပ် အန်တွမ်နီဟေးက “ကျေနာ့်အနေနဲ့ ကျေနာ့်အသင်း၊ ကျနော်တို့ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အားလုံးနဲ့ အတူတကွ လက်တွဲလုပ်ကိုင်ခဲ့ရတာ ဂုဏ်ယူစရာနဲ့ အခွင့်အရေးတရပ်လည်း ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အားလုံးပဲ လိုချင်တဲ့ အောင်မြင်မှုကို ထိရောက်စွာ ရရှိနိုင်ပါစေလို့ ကျနော် အကောင်းဆုံး ဆန္ဒပြုပါတယ်။ အထူးကျေးဇူးတင်ရမှာကတော့ ကျနော်တို့ရဲ့ မြန်မာ့ဘောလုံးပရိသတ်ကိုပါ။ တကယ့်ကို အံ့သြချီးမွမ်းဖွယ်ရာကောင်းတဲ့ ပရိသတ်တွေပါပဲ” လို့ နှုတ်ဆက်စကား ပြောခဲ့ပါတယ်။

နည်းပြချုပ်ကို စာချုပ်ဖျက်သိမ်းတာနဲ့ စပ်လျဉ်းပြီး MFF နည်းစနစ်ကော်မတီက “မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုက ထွက်ခဲ့ရခြင်းဟာ နည်းပြချုပ် တဦးတည်း အပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ဘူး၊ MFF နည်းစနစ်ကော်မတီအနေနဲ့ ဘက်ပေါင်းစုံ စနစ်တကျ အပြန်အလှန် သုံးသပ်ခဲ့ရာမှာ အဖွဲ့ချုပ်နဲ့ နည်းပြချုပ်တို့ စာချုပ် ချုပ်ဆိုရာမှာ အဓိကဦးတည်ချက်ဖြစ်တဲ့ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) အောင်မြင်မှုရရှိရေးဟာ စာချုပ်ရဲ့ အဓိကအချက်ဖြစ်လို့ အခုလို လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်” လို့ သုံးသပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ဂျာမနီနည်းပြ အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ခီမေးလ် ဟာလတ်၊ ဂိုးနည်းပြ ကာစတန် မာတင် ဟာဇော့တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က တနှစ်ခွဲကြာ စာချုပ်သက်တမ်း ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။