မလေးရှားတွင် မြန်မာဘောလုံးပရိသတ်များ တိုက်ခိုက်ခံရမှု AFF ကိုတိုင်ကြား
နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆူဇူကီးဖလား မလေးရှားနဲ့ မြန်မာဘောလုံးပွဲစဉ် အပြီးမှာ မလေးရှား ပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ မြန်မာပရိသတ်တွေရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာဘောလုံး အဖွဲ့ချုပ်က အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ကို တိုင်ကြားထားပါတယ်။
AFF ဆီကို အီးမေးလ်နဲ့ အကြောင်းကြားစာပေးပို့ပြီး နောက်နောင် ဒါမျိုးမဖြစ်စေဖို့ ကူညီ ဆောင်ရွက်ပေးပါရန် တောင်းဆိုထားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် အထွေအထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။
အဲဒီပွဲမှာ အိမ်ရှင်မလေးရှားအသင်းက မြန်မာအသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ပွဲအပြီး အိမ်ပြန်ဖို့ ကားစောင့်နေတဲ့ မြန်မာပရိသတ် အယောက် ၂၀ လောက်ကို မလေးရှားလူမျိုး ပရိသတ် ၃၀ လောက်က ဘာဘီ(ဝက်) လို့အော်ပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရသူတွေထဲမှာ မြန်မာအမျိုးသမီးတွေလည်း ပါဝင်ပြီး ကိုသက်ညီညီ၊ ကိုအောင်မျိုးသူနဲ့ ကိုမြင့်စိုးတို့ ဦးခေါင်းနဲ့ ခြေလက်တွေမှာ ဒဏ်ရာရခဲ့လို့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ဒဏ်ရာရသူတွေကို ကူညီပေးခဲ့တဲ့ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ဝင် ကိုသက်က “စိတ်မကောင်းပါဘူး။ မလေးနဲ့ ကန်တဲ့ပွဲတိုင်း အရိုက်ခံနေရတာ၊ ဘောလုံးပွဲလည်း ရှုံးသေးတယ်။ အခုဖြစ် နေတာကို ရဲသွားခေါ်တော့ မင်းတို့နှောင့်ယှက်လို့ ဖြစ်တာမဟုတ်လားတဲ့၊ ရတဲ့ကားနဲ့ မြန်မြန်ပြန်ကြလို့ ပြောတယ်” လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
မလေးရှားရောက် မြန်မာပရိသတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းစ် မြန်မာနဲ့ မလေးရှားတို့ ဘောလုံးပွဲစဉ် အပြီးမှာလည်း တိုက်ခိုက်ခံခဲ့ရဖူးပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
DVB