ဖယ်လိုင်နီ ဂိုးသွင်းအပြီး ပက်ပက်စက်စက် အောင်ပွဲခံသွားတဲ့ မော်ရင်ဟို
မန်ယူအသင်းက ဆွစ်ဇာလန်ကလပ်ယန်းဘွိုင်းစ်ကို 1-0 နဲ့အနိုင်ရခဲ့တဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ရောက်မှ ကွင်းလယ်လူဖယ်လိုင်နီက အနိုင်ဂိုး ရယူပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးဝင်သွားချိန်မှာ ကွင်းဘေးစည်းမှာ ရှိနေတဲ့ နည်းပြမော်ရင်ဟိုက ကစားသမားတွေ သောက်ဖို့ထားတဲ့ ရေဗူးတွေကိုပါ ရိုက်ခွဲလိုက်ကာ ဒေါသတကြီးနဲ့ အောင်ပွဲခံခဲ့ပါတယ်။
မန်ယူဟာ ပြီးခဲ့တဲ့စနေညက ခရစ္စတယ်ပဲလေ့စ်ကို အိုးလ်ထရက်ဖို့ဒ်မှာပဲ ဂိုးမရှိသရေကျခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ယန်းဘွိုင်းစ်နဲ့ပွဲမှာလည်း ဂိုးမရှိသရေကျမလိုဖြစ်ခဲ့သေးတာပါ။ ပထမပိုင်းမှာကတည်းက မန်ယူအသင်း အခွင့်အရေးများစွာ ရခဲ့တာကို တိုက်စစ်နဲ့ ကွင်းလယ်လူတွေက အသုံးမချနိုင်ခဲ့တဲ့အပြင် ပေါ့ဂ်ဘာနဲ့ လူကာကူတို့ လူစားဝင်လာပြီးနောက်ပိုင်း တစ်သင်းလုံး ရှေ့တက်ကာ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ဂိုးမသွင်း နိုင်ခဲ့လို့ မော်ရင်ဟိုဟာ သူ့အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ဒေါသထွက်နေခဲ့ပုံပါတယ်။ ဒါကြောင့်လည်း ဖယ်လိုင်နီ က အနိုင်ဂိုး သွင်းလိုက်ချိန်မှာ စိတ်မထိန်းနိုင်ဘဲ အစွမ်းကုန်ပေါက်ကွဲခဲ့တာပါ။
အဲဒီပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ မော်ရင်ဟိုက ကြည့်ပြီးသားရုပ်ရှင်လိုပဲလို့ ပြောကြားသွားခဲ့ပါတယ်။ ”2 မိနစ်လောက်အပြီးမှာ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ကတည်းက ဒီရုပ်ရှင်ကို ကျွန်တော် သိလိုက်ပါပြီ။ အဆုံးသတ်မှာ အနိုင်ဂိုးရဖို့အတွက် ကွင်းလယ်လူတစ်ယောက်ကို လိုအပ်ခဲ့တော့တာပါပဲ။ ဘယ်သူကမှ ကျွန်တော့်အသင်း ခံစစ်ဦးစားပေး ကစားတယ်လို့ မပြောဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ အသင်းက ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သင့်ပါတယ်။ 0-0 ဖြစ်နေချိန်မှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားရဲ့ ကာကွယ်မှု တစ်ကြိမ် ကိုလည်း ကျွန်တော်တို့ လိုအပ်ခဲ့သေးတယ်။ 2 မိနစ် လောက်ကတည်းက ဖိအားတွေကစတင်ခဲ့တာပါ။ ကျွန်တော် ရည်ရွယ်ခဲ့တာတော့ ပွဲကို မြန်မြန်ဆန်ဆန် စတင်နိုင်ဖို့ပါပဲ။ ဒါကို ပရိသတ်တွေလည်း တွေ့မယ်ထင်ပါတယ်။ အဆုံးသတ်ချိန်အထိ ကျွန်တော်တို့နဲ့ အတူရှိနေပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့ အားပေးမှုက တကယ့်ကို မယုံနိုင်စရာပါပဲ”လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။
-Ref:Skysports