ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆုတံဆိပ် ၅ ခု ဆွတ်ခူး
မြန်မာနိုင်ငံမှာ လက်ခံကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရူး (ထောက်လု) ပြိုင်ပွဲမှာ မြန်မာကစားသမား တွေဖြစ်တဲ့ ငြိမ်းချမ်းကိုကို၊ စန္ဒီဦးနဲ့ အေးသစ္စာမြင့်တို့က စုစုပေါင်း ဆုတံဆိပ် ၅ ခု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
ငြိမ်းချမ်းကိုကိုက ရွှေတံဆိပ်တခု၊ ကြေးတံဆိပ်တခု၊ စန္ဒီဦးက ငွေတံဆိပ်တခုနဲ့ အေးသစ္စာမြင့်က ငွေတံဆိပ်တခု၊ ကြေးတံဆိပ်တခု ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းကိုကိုက အမျိုးသား Taijijian ပြိုင်ပွဲမှာ ၉ ဒသမ ၆၇ မှတ်နဲ့ ရွှေတံဆိပ် ဆွတ်ခူးခဲ့တာ ဖြစ်ပြီး အမျိုးသား Taijituan ပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ရယူခဲ့တာဖြစ်ပါတယ်။
အမျိုးသမီး ကစားသမားဖြစ်တဲ့ စန္ဒီဦးကတော့ Qiangshu ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ကစားသမားဖြစ်တဲ့ အေးသစ္စာမြင့်ကတော့ Nandao ပြိုင်ပွဲမှာ ငွေတံဆိပ်နဲ့ Nanguan ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုတို့ကို ဆွတ်ခူးပေးခဲ့တာပါ။
အဲဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ကစားသမား စုစုပေါင်း ၈၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ အဆင့် ၁ မှ ၈ အထိ ရရှိသူတွေသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
အခုပြိုင်ပွဲမှာ မြန်မာကစားသမား ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ဦးက ဆုတံဆိပ် ဆွတ်ခူးပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ဝူရှူးအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ တရုတ်တိုင်ပေ၊ မလေးရှား စတဲ့နိုင်ငံတွေက ပထမရွှေတံဆိပ်ဆုတွေကို အသီးသီး ဆွတ်ခူးသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခုပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
DVB