ရလဒ်များ မကောင်းသော်လည်း မန်ယူသည် ပရီးမီးယားလိဂ်၌ လစာအများဆုံးရပ်တည်

မန်ယူသည် ယခုရာသီ အစရလဒ်ပိုင်း ညံ့ဖျင်းနေသော်လည်း အသင်း၏လစာအသုံးပြု ငွေသည် ယမန်နှစ်က ထက် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။

၂၀၁၈ ပထမသုံးလပတ်အဖြစ် ကြာသပတေးနေ့က ဖော်ပြသော စာရင်းများက အလုပ်ရှင်အကျိုးအမြတ် သုံးစွဲငွေ ပမာဏသည် ယင်းသုံးလတွင် ပေါင် ၇၇ သန်းရှိပြီး ယမန်နှစ်ထက်ပေါင် ၇ ဒသမ ၁ သန်း(သို့မဟုတ်) ၁၀ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာသည်။ ယင်းမှာ ပထမအသင်းလူ စာရင်းတွင်ရင်းနှီးမြှုပ်နှံမှုကြောင့် မြင့်မား လာရခြင်း ဖြစ်သည်ဟု ဆို သည်။

ယခုရာသီတွင် မော်ရင်ဟို၏ အသင်းသားများသည် ပေါင် ၃၀၈ သန်းရရှိမည်ဖြစ်ပြီး ပရီးမီးယားလိဂ်၏ လုပ်ခလစာ အများဆုံးအသင်းဖြစ်လာသည်။

မန်ယူသည် လက်ရှိတွင် ထိပ်ဆုံးရှိ မန်စီးတီးထက် ၁၂ မှတ်လျော့ဖြင့် အမှတ်ပေးဇယား အဆင့်(၈)နေရာ၌ ရပ်တည်နေသည်။ မော်ရင်ဟိုက အသင်းတွင် ကျေနပ်လောက်သော ရင်းနှီးမြှုပ်နှံမှုမရှိဟု ညည်းတွားသော်လည်း ယခုစာရင်းများက ၎င်း၏ ပြောဆိုမှုနှင့် ကွဲလွဲနေသည်။ ၂၀၁၇-၁၈ ရာသီမန်စီးတီး၏ လုပ်ခလစာသည် ပေါင်သန်း ၂၆၀ သာရှိသည်။

ယင်းစာရင်းများအရ မန်ယူသည် သုံးလပတ်တွင် ကြော်ငြာနှင့်စပွန်ဆာမှ ၀င်ငွေလျော့ကျသော်လည်း နှစ်စဉ် ၀င်ငွေသည် စံချိန်သစ်တစ်ရပ်အဖြစ်  ပေါင် ၆၁၅ သန်းနှင့် ပေါင်သန်း ၆၃၀ ကြားရရှိမည်ဟု မျှော်လင့်ရသည်။

မန်ယူအမှုဆောင်ဥက္ကဋ္ဌ အဒ်ဝုဒ်ဝပ်က မိမိတို့၏ ငွေကြေး အင်အားကြောင့် ထိပ်တန်းကစားသမားများကို ဆက်လက် ဆွဲဆောင်ခေါ်ယူနိုင်ဆဲဖြစ်ကြောင်း ပြောကြားသည်။

မန်ယူ၏ လစာအများဆုံး ကစားသမားများအဖြစ် ဆန်းချက်ဇ် တစ်ပတ် ပေါင် ၄၅၀,၀၀၀၊ ပေါ့ဂ်ဘာ  ၂၆၀,၀၀၀၊  လူကာကူ  ၂၂၀,၀၀၀၊ ဒီဂီယာ ၂၀၀,၀၀၀၊ မာတာ ၁၄၅,၀၀၀ ဖြင့် အသီးသီး ရပ်တည်နေသည်။

နည်းပြ မော်ရင်ဟို၏ လစာ သည် တစ်ပတ်လုပ်ခပေါင် ၃၄၆,၀၀၀ ရှိသည်။

—Ref:Daily Mail