ဝန်ကြီးချုပ်သစ်ကို အယုံအကြည်မရှိဟု သီရိလင်္ကာလွှတ်တော်အမတ်များ မဲခွဲဆုံးဖြတ်
အတိုက်အခံများက ကျယ်လောင်စွာ ကန့်ကွက်ခဲ့သော်လည်း ဝန်ကြီးချုပ်သစ် မာဟင်ဒါရာဂျာပက်ဆာကို အယုံအကြည် မရှိကြောင်း သီရိလင်္ကာ လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ပြီးနောက် ယင်းနိုင်ငံ ၏ နိုင်ငံရေး အကျပ်အတည်း ပိုမို နက်ရှိုင်းလာသည်။
ရာဂျာပက်ဆာ၏ မဟာမိတ်များက မဲခွဲဆုံးဖြတ်မှုကို လက်မခံကြောင်း အော်ဟစ်ခဲ့ပြီး တရားမဝင်ဟု ပြောကြားသည်။
ပြီးခဲ့သည့်လအတွင်း သမ္မတသီရိဆနာက ဝန်ကြီးချုပ် ဝစ်ကရီ မီဆင်ဂီကို ရုတ်တရက်ထုတ်ပယ်ပြီး ၎င်း၏ နေရာ၌ ရာဂျာပက်ဆာ နှင့် အစားထိုးချိန်ကစ၍ သီရိလင်္ကာနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲခေါ်ယူမည်ဟု ပြောကြားသည်။
သို့သော် သမ္မတ၏ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ခေါ်ယူမည့်အစီအစဉ်ကို နိုဝင်ဘာ ၁၃ ရက်တွင် တရားရုံးချုပ်က ဆိုင်းငံ့ပြီးနောက် လွှတ်တော်အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပခြင်းဖြစ်သည်။
‘‘အယုံအကြည်မရှိ အဆိုကို အသံနဲ့ မဲခွဲဆုံးဖြတ်ခဲ့ပြီး အများစုက ထောက်ခံခဲ့ကြပါတယ်။ အခုဆိုရင် စာရွက် စာတမ်းတွေကို လက်မှတ်ရေးထိုးဖို့ လုပ်နေပါတယ်’’ဟု ရာဂျာပက်ဆာကို ခါးသီးစွာ ဆန့်ကျင်သော အတိုက် အခံ အုပ်စုခေါင်းဆောင် အာဆမ် ဘန်သမ်က ရိုက်တာသတင်းဌာနအား ပြောကြားသည်။
အခြား အတိုက်အခံအမတ် ငါးဦးကလည်း ယင်းကိစ္စကို အတည်ပြုပြောကြားသည်။
လူဦးရေ ၂၁ သန်းရှိသော ကျွန်းနိုင်ငံ၏ မတည်မငြိမ်ဖြစ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း အနှေးကွေးဆုံး ဖြစ်နေသည့် စီးပွားရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။
သမ္မတက ဝန်ကြီးချုပ်အား ထုတ်ပယ်ပြီး ခေါင်းဆောင် ဟောင်းတစ်ဦးကို ပြန်လည်ခန့်အပ်ခြင်းသည် အကြမ်းမဖက်သော အာဏာသိမ်းမှုအဖြစ် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ရာဂျာပက်ဆာ၏ အစိုးရ လက်ထက် ၂၀၀၉ က တမီးလ် ကျားသူပုန်များအပေါ် အောင်ပွဲရရှိသဖြင့် သီရိလင်္ကာ ဗုဒ္ဓဘာသာ လူများစုက ၎င်းကို သူရဲကောင်းအဖြစ် ရှုမြင်ခဲ့သည်။
သို့သော် တမီးလ်ကျားသူပုန် စစ်ပွဲအတွင်း ရာဂျာပက်ဆာက လူ့အခွင့်အရေးများ ချိုးဖောက်သည်ဟု သံတမန် များက စွပ်စွဲပြီး ၎င်းက ငြင်းဆိုခဲ့သည်။
—Ref: Reuters