ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးတက်ရောက်

 

ရန်ကုန် နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး၌ ယနေ့နံနက် ၁ဝ နာရီက စတင်ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီက အမှာစကားပြောကြားခဲ့ပြီးနောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အလိုက်ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီးကိုယ်စားလှယ်များက စာတမ်းခေါင်းစဉ်များအလိုက် စာတမ်းများဖတ်ကြားခြင်း၊ ဗဟိုညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်စာရင်းကြေညာခြင်းနှင့် ညီလာခံအကြို နှီးနှောဖလှယ်ပွဲမှမှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းများဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း အတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဗဟိုအလုပ်မှုဆောင်များဖြစ်ကြသော ရန်ကုန်တိုင်းတာဝန်ခံ ဦးခင်ရီ ရန်ကုန်တိုင်း ပါတီဥက္ကဌ ဦးခင်မောင်စိုး၊ ဒေါက်တာပွင့်ဆန်း ဗဟိုကော်မတီဝင်များ တိုင်းပါတီ နာယကများနှင့် တိုင်းကော်မတီဝင်များ ၄၅ မြို့နယ်မှ အမျိုးသမီးကော်မတီဝင်များ အခြားဖိတ်ကြားထားသော NGO များ စုစုပေါင်း အင်အား ၇၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။