ကမ္ဘောဒီးယားနှင့် ပွဲစဉ်တွင် အကောင်းဆုံးပုံစံကို မြင်တွေ့ရမည်ဟု မြန်မာအသင်းနည်းပြချုပ်ကြုံးဝါး

အာဆီယံ ဆူဇူကီးဖလား ပထမပွဲစဉ်အဖြစ် ကစားမည့် ကမ္ဘောဒီးယားအသင်းနှင့် ပွဲစဉ်တွင် ကစားသမားများ၏ အကောင်းဆုံး ပုံစံကို ပရိသတ်များ မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် အန်တွမ်နီ ဟေး က ပြောသည်။ နိုဝင်ဘာ ၁၁ ရက်က မန္တလေးမြို့ရှိ ဟိုတယ်မန္တလေးတွင် ပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ၌ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေး က ယင်းကဲ့သို့ ပြောကြားသည်။

‘‘ပရိသတ်တွေက မြန်မာအသင်းရဲ့ ခြေစွမ်းကို စိတ်ဝင်စားနေကြတယ်။ တစ်ပွဲနောက်ကျပြီး ကစားရတဲ့အတွက် မြန်မာအသင်းမှာ အားသာချက်ရှိတယ်။ ကမ္ဘောဒီးယားက ပြိုင်ပွဲတစ်ပွဲ ကစားပြီးတဲ့ အတွက် သူတို့ရဲ့ ပုံစံ က မှန်နေပါပြီ။ ဒါကလည်း သူတို့ အားသာချက်ပါပဲ။

ကစားသမားတွေအနေနဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်ဖို့ အရမ်းကို တက်ကြွနေပါတယ်။  ပွဲကစားဖို့တောင် မစောင့်နိုင်တော့ပါဘူး’’ဟု နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။ ယခုနှစ်ပိုင်းအတွင်း ကမ္ဘောဒီးယားအသင်း သည် တိုးတက်လာသည်မှာ မှန်သော်လည်း မည်သည့်အသင်း ပိုကောင်းသည်ဆိုသည်ကို ပွဲအပြီးတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင် က ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းများအရ မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့သည် (၁၃)ကြိမ်တွေ့ဆုံပြီး မြန်မာအသင်းက (၁၁)ကြိမ် အနိုင်ရရှိထား သည်။မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်မှာ ပွဲကောင်းတစ်ပွဲ ဖြစ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအသင်း နည်းပြ ဒဲမက်က သုံးသပ်ပြောကြားသည်။

‘‘ပြီးခဲ့တဲ့ ရလဒ်တွေကို မေ့ထားလိုက်ပါ။ ကျွန်တော်တို့ ကြိုးစားပြင်ဆင်ထားပါတယ်။ မြန်မာအသင်းကို လေးစားမှု ရှိရှိနဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်’’ ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင် အာဆီယံဆူဇူကီးဖလား ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကစားသမား ၂၃ ဦး လူစာရင်းကို နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။ 

အဆိုပါလူစာရင်းတွင် အဓိက ကစားသမားများဖြစ်သည့် ထိုက်ထိုက်အောင်နှင့် မျိုးကိုထွန်း တို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့သလို ကောင်းဆက်နိုင်နှင့် မြတ်ကောင်းခန့်တို့လည်း ပါဝင်ခြင်းမရှိပေ။ သို့သော် ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် အဓိက တိုက်စစ်မှူး အောင်သူနှင့် မောင်မောင်လွင်တို့ ယင်းလူစာရင်း၌ ပါဝင်လာခဲ့သည်။ 

ယခင် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲဝင် ကစားသမားစာရင်းမှ ရှစ်ဦးခန့်သာ ပြန်လည်ပါဝင်ခဲ့ပြီး အာရှအားကစားပြိုင်ပွဲဝင် လူငယ်ကစားသမားအများစုဖြင့် အခြေခံ၍ ဖွဲ့စည်းထားသည်။ 

မြန်မာအသင်းသည် ဆူဇူကီး အုပ်စု(က)အဖွင့်ပွဲအဖြစ် နိုဝင် ဘာ ၁၂ ရက်၌ ညနေ ၆နာရီတွင်  မန္တလေးမြို့ မန္တလာသီရိကစားကွင်းတွင်  ကမ္ဘာဒီးယားအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

၁၆ ရက်တွင် အဝေးကွင်း၌ လာအိုအသင်း၊ ၂၀ ရက်တွင် အိမ်ကွင်း၌ ဗီယက်နမ်အသင်း၊ ၂၄ ရက်တွင် အဝေးကွင်း၌ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

7Days