ဖော်မြူလာဝမ်း ပြိုင်ပွဲအရေအတွက် တိုးလာပါက နုတ်ထွက်မည်ဟု လူးဝစ်ဟာမီလ်တန် ခြိမ်းခြောက်
ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲသာ ပြိုင်ပွဲအရေအတွက် ၂၅ ပွဲထိ ဖြစ်လာခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ရရှိဖို့ အခြေအနေကောင်းနေတဲ့ ဗြိတိန် ပြိုင်ကားမောင်းသမား လူးဝစ် ဟာမီလ်တန်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ အမြင့်ဆုံး ကားမောင်းပြိုင်ပွဲဖြစ်ပြီး အနာဂတ်မှာ ပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်မှာ ကျင်းပလာနိုင်ရေးအတွက် ဥက္ကဋ္ဌ ဖြစ်သူ အက်ကလက်စတုန်းက ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ကျင်းပနေတဲ့ အဲဒီပြိုင်ပွဲကို လာမယ့် ၂၀၂၀ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းနဲ့ အမေရိကန်နိုင်ငံ မီယာမီတို့မှာ ထပ်တိုးကျင်းပနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။ ပြိုင်ပွဲ ၂၅ ပွဲထိ တိုးချဲ့ကျင်းပမယ့် သတင်းထွက်ပေါ်လာချိန်မှာတော့ ဟာမီလ်တန်က ပြိုင်ပွဲတွေများတာဟာ ကောင်းတဲ့ အလားအလာလို့ မမြင်ကြောင်း၊ သူ့အနေနဲ့ ကားမောင်းပြိုင်ပွဲ ဝင်ရတာကို နှစ်သက်ပေမယ့် အကြောင်းပြချက် တခုဖြစ်တဲ့ မိသားစုနဲ့ အဝေးမှာ အကြာကြီးရှိနေရမှာကို မလိုလားကြောင်း ပြောကြားခဲ့ပါတယ်။
ဟာမီလ်တန်ဟာ လက်ရှိ မာစီးဒီးအသင်းမှာ မောင်းနှင်နေပြီး ၅ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို အောင်ပွဲခံရယူဖို့ နီးစပ်နေပါတယ်။ ဖော်မြူလာဝမ်း သမိုင်းတလျှောက် မိုက်ကယ်ရှူးမေကာ ကတော့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ၇ ကြိမ်ထိ အများဆုံး ရရှိထားပါတယ်။
DVB