အီးယူက ကုန်သွယ်မှုအခွင့်အရေးပေး၊ မပေး လာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဟုဆို
ဥရောပသမဂ္ဂသည် မြန်မာအပေါ်ပေးအပ်ထားသော ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ပြန်လည်ရုပ်သိမ်း ခြင်းပြု၊ မပြုလာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် စီး ပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးချမ်းအေးက ပြောကြား သည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ခေါင်းဆောင်သည့် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဥရောပသမဂ္ဂကုန်သွယ်မှုအခွင့် အရေးစိစစ်လေ့လာရေးအဖွဲ့တို့ အောက်တိုဘာ ၃၀ ရက်တွင် နေပြည်တော်၌ သုံးနာရီခွဲခန့်ကြာ အပြန်အလှန်ဆွေးနွေးပြီး မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှု အခြေအနေများကို စောင့်ကြည့်မည်ဟုဆိုသည်။ ‘‘ကျွန်တော့်ဆီမှာတွေ့ရှိတာတွေကို ဟိုဘက်(ဥရောပသမဂ္ဂ ကော်မရှင်)မှာ ပြန်တင်ပြ တာတွေ၊ဘာတွေနဲ့အဲဒါအချိန်ယူ ဦးမှာ’’ ဟု ဦးချမ်းအေးက ပြောသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲချက်ဖြင့်ဥရောပသမဂ္ဂက ၎င်းတို့ ပေးအပ် ထားသည့်ကုန်သွယ်ရေးဆိုင်ရာအထူး အခွင့်အရေး ပြန်လည်ရုပ်သိမ်း နိုင်ဖွယ် ရှိသည့်အခြေအနေကို အစိုးရ တာဝန်ရှိသူများအားဆွေးနွေးခဲ့ပြီး ၀န်ကြီးဦးကျော်တင်က လက်ရှိဆောင်ရွက်နေမှုများနှင့် တိုးတက်မှု အခြေအနေ များကို ပြန် လည်ရှင်းပြသည်ဟု ၎င်းကဆို သည်။
ထို့အပြင် ၀န်ကြီးဦးကျော်တင်သည် ဥရောပသမဂ္ဂကရုပ် သိမ်းမှုများပြုလုပ်ပါက အခြေခံလူတန်းစားများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ စသည်တို့ကို ထိခိုက်မည်ဟု ပြောကြားကြောင်း အထက်ပါညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။ ‘‘သူတို့အနေနဲ့ကလည်း အခြေအနေကိုသိတယ်။ ကျွန်တော် တို့အစိုးရရဲ့ပူးပေါင်းဆောင်ရွက် မှုကိုလည်း အသိအမှတ်ပြုတယ်’’ ဟု ၎င်းကဆိုသည်။
ဥရောပသမဂ္ဂကုန်သွယ်ရေး ဆိုင်ရာအခွင့်အရေးစိစစ်လေ့လာရေးအဖွဲ့သည် ယမန်နေ့(အောက်တိုဘာ ၃၁ ရက်) တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနအပါအ၀င် နေပြည်တော်ရှိ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးအောင်ထူးနှင့် တွေ့ဆုံရာ တွင် ကုန်သွယ်ရေးဆိုင်ရာအထူး အခွင့်အရေး ဆိုင်ရာကိစ္စကို အသေးစိတ် ဆွေးနွေးခြင်းမရှိကြောင်းနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကဆွေးနွေးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။ ‘‘သိပ်ထူးခြားမှုမရှိပါဘူး။ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေး တယ်။ အမြင်ချင်း ဖလှယ်တာတွေရှိတယ်။ ကုန်သွယ်မှုဆိုင်ရာကိစ္စတွေကို အမြင် ချင်းဖလှယ်တဲ့အခြေအနေပါ’’ ဟု ၎င်းကရှင်းပြသည်။
အောက်တိုဘာ ၃၀ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သောဆွေးနွေးမှုတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးဝန်ကြီးဦးကျော်တင်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ မှ တာဝန်ရှိပုဂ္ဂိုလ်များတက် ရောက်ခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ တာဝန်ခံမှုကိစ္စ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စ၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့၌ လူသားချင်း စာနာထောက်ထားမှု အကူအညီချောမွေ့စွာပေးအပ်နိုင်ရေး ကိစ္စနှင့် နေရပ်စွန့်ခွာသူများ၏ လူနေမှုအခြေအနေ များ တိုးတက်ကောင်းမွန်ရေး ဆွေးနွေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။
ဆက်လက်၍ တစ်ဖက်နိုင်ငံ ရောက်နေရပ်စွန့်ခွာသူများ ကိုယ်ပိုင်ဆန္ဒဖြင့် လုံခြုံကောင်းမွန်စွာ ပြန်လာနိုင်စေရန် အခြေအနေကောင်းများ ဖန်တီးရေး၊ လူမှုအသိုင်းအ၀ိုင်းများအကြား သဟဇာ တရှိစွာပေါင်းစည်းနေထိုင်ရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ရေးကိစ္စတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာအစိုးရနှင့် နိုင်ငံတ ကာ အသိုင်းအ၀ိုင်းအကြား ဆက် ဆံရေးနှင့်ပတ်သက်၍ လိုအပ် သည့် အကူအညီပေးရန် အသင့် ရှိသော်လည်း ပူးပေါင်းဆောင် ရွက်မှု အားနည်းမှုများရှိပါကကုန် သွယ်မှု အထူးအခွင့်အရေးကို ရုပ်သိမ်းနိုင်သည့် အလားအလာရှိကြောင်း အထက်ပါ စိစစ်လေ့လာရေးအဖွဲ့၏ လေးရက် ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ယမန်နေ့ (အောက်တိုဘာ၃၁ရက်) တွင်ထုတ်ပြန်သည်။ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် စိစစ်လေ့လာရေးအဖွဲ့၏ တွေ့ရှိချက်များကို ပထမဦးစားပေးအဖြစ် အီးယူက လေ့လာဆန်း စစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။