တောင်ကိုရီးယားစစ်တပ်အတွက် ဆွန်ဟောင်မင် လှူဒါန်းမှုပြုလုပ်ခဲ့
စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းနဲ့အတူ မပါဝင်ခင်က နိုင်ငံရဲ့စစ်တပ်အတွက် ပေါင် 70,000 လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အသက် 26 နှစ်အရွယ် ဆွန်ဟောင်မင်ဟာ အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်း ချန်ပီယံဆု ရရှိဖို့အတွက် အဓိက ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာ ဂျပန်ကို 2-1 နဲ့အနိုင်ရကာ ချန်ပီယံဖြစ်သလို သူကိုယ်တိုင် ကလည်း စစ်မှုထမ်းခြင်းကနေ ကင်းလွတ်သွားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက် 28 နှစ်အောက် အမျိုးသားတိုင်းဟာ 2 နှစ်ကြာစစ်မှုထမ်းဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ အာရှအားကစားပြိုင်ပွဲမှာသာ ရွှေတံဆိပ်ရရှိမယ်ဆိုရင် အားကစားသမားတွေအတွက် အထူးခွင့်ပြုထားမှု အရ ဆွန်ဟောင်မင်ဟာ စစ်မှုထမ်းခွင့်ကင်းလွတ်မှာပါ။ ဒါကြောင့်လည်း ပြိုင်ပွဲ မတိုင်ခင်ကတည်းက တောင်ကိုရီးယားနဲ့ ဆွန်ဟောင်မင်တို့ကို အားလုံးကစောင့်ကြည့်ခဲ့ကြပြီး ဗိုလ်စွဲအောင်လည်း ကစားသွားနိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ဆွန်ဟောင်မင်ဟာ သူ့ရဲ့လှူဒါန်းမှုကိုတော့ အဲဒီပြိုင်ပွဲမတိုင်ခင်တည်းက ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုရီးယားစစ်တပ်ရဲ့ နေ့စဉ်သတင်းစာ Kookbangilbo က ”ဆွန်ဟောင်မင်က သူကိုယ်တိုင် ဖုန်းဆက်ပြီး ကိုရီးယားစစ်သားတွေနဲ့ မိသားစုဝင်တွေအတွက် လှူဒါန်းချင်တယ်လို့ ပြောခဲ့တာပါ။ တိုင်းပြည်အတွက် ပေးဆပ်နေကြသူတွေကို သူအမြဲကျေးဇူးတင်ခဲ့တာလို့လည်း ဆိုပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ အာရှအားကစားပြိုင်ပွဲမှာတောင်ကိုရီးယားနဲ့အတူ ရွှေတံဆိပ်မရခင် 2018 ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း တောင်ကိုရီးယားရဲ့ အဓိကအားထားရသူဖြစ်ခဲ့ပြီး အုပ်စုတွင်းမှာ နာမည်ကြီး ဂျာမနီကို အံ့အားသင့်ဖွယ် အနိုင်ရအောင်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။
-Ref: Skysports