ကင်းပါဝါကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျမှုတွင် အသင်းပိုင်ရှင် ဗီချိုင်းသေဆုံးခဲ့ကြောင်း လက်စတာ အတည်ပြု

စနေနေ့က လက်စတာနဲ့ ၀က်စ်ဟမ်းတို့(၁)ဂိုးစီ သရေကျတဲ့ပွဲအပြီး တစ်နာရီအကြာ ကင်းပါဝါကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျမှုမှာ အသင်းပိုင်ရှင် ဗီချိုင်းသေဆုံးခဲ့တယ်လို့ လက်စတာ အသင်း က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

စနေနေ့က ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗီချိုင်းအပါအ၀င် သူ့ရဲ့ဝန်ထမ်း(၂)ဦး၊ လေယာဉ်မှူးနဲ့ အခြားသူတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ လက်စတာရှိုင်းယားရဲအဖွဲ့က သေဆုံးသူတွေဟာ လက်စတာအသင်းပိုင်ရှင်ဗီချိုင်း၊ သူ့ရဲ့ ၀န်ထမ်း(၂)ဦးဖြစ်တဲ့ ဆက်နာမိုင်နဲ့ ပန်ပါရီ၊ လေယာဉ်မှူးအဲရစ်နဲ့ သူ့ရဲ့ပါတနာလီချိုဝစ်ဇ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ လက်စတာအသင်းက ဗီချိုင်းမိသားစု၊ ရဟတ်ယာဉ်ပေါ် ပါသွားတဲ့မိသားစုတွေနဲ့အတူ ပြောမထွက်နိုင်အောင် ဆိုးရွားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂါနေ့နံနက်ပိုင်းကစပြီး လက်စတာအသင်းရဲ့ကင်းပါဝါကွင်းမှာ ၀မ်းနည်းခြင်းမှတ်တမ်းစာအုပ် ထားရှိသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂါနေ့မှာ ဆောက်သမ်တန်နဲ့ ကစားမယ့် လက်စတာ အသင်းရဲ့ အင်္ဂလန်လိဂ်ဖလားပွဲစဉ်ကို လည်း ရွှေ့ဆိုင်းခဲ့ပါတယ်။ အသက်(၆၀)အရွယ် ထိုင်းဘီလျံနာဗီချိုင်းဟာ ၂၀၁၀ မှာ လက်စတာအသင်းကို ပေါင်(၃၉)သန်းနဲ့ ၀ယ်ယူခဲ့ပြီး ၂၀၁၆ မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ၀က်စ်ဟမ်း၊ စပါး၊ နော်တင်ဟမ်၊ ဆွမ်ဆီးအပါအ၀င်ကလပ်အသင်းတွေဟာ လက်စတာအသင်းထံ ၀မ်းနည်းကြောင်း ပေးပို့ခဲ့ကြပါတယ်။ လက်စတာအသင်းပရိသတ်တွေကလည်း ကင်းပါဝါကွင်းအပြင်ဘက်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပန်းစည်းတွေချထားခဲ့ကြပါတယ်။

-Ref: Skysports