Ballon d’Or ဆုအတွက် မိုဒရစ် ရွေးချယ်ထားတဲ့ ကစားသမား
ဒီဇင်ဘာလ ၃ ရက်နေ့ကျရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or ဆု) ရွေးချယ်ပေးအပ်တော့မှာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း Ballon d’Or ဆုအတွက် ပဏာမကစားသမား ၃၀ စာရင်း ထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း Ballon d’Or ဆု ၅ ကြိမ်စီ ဆွတ်ခူးထားတဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပထမဆုံးအကြိမ် ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ မိုဒရစ်ကတော့ ဖီဖာ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိထားသူပါ။
အသက် ၃၃ နှစ်အရွယ် မိုဒရစ်က Ballon d’Or ဆုအတွက် ကစားသမားတစ်ဦးကို ရွေးချယ်ပေးခဲ့ပါတယ်။ အဲဒီကစားသမားကတော့ သူ့ရဲ့ ရီးရဲလ်အသင်းဖော်ဟောင်း ရော်နယ်ဒို မဟုတ်သလို မက်ဆီလည်း မဟုတ်ပါဘူး။ အက်သလက်တီကိုနဲ့အတူ ယူရိုပါလိဂ်ဖလား၊ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းပါပဲ။ ” ပဏာမစာရင်းဝင်နေတဲ့ ပြင်သစ်ကစားသမား ၃ ယောက်(ဂရစ်ဇ်မန်း၊ အမ်ဘာပေ၊ ဗရာနီ)ထဲမှာတော့ ဂရစ်ဇ်မန်းက နှာတစ်ဖျား သာနေပါတယ်”လို့ မိုဒရစ်က ပြောပါတယ်။
-Ref:Skysports