ဘာလင်တွင် လူမျိုးခွဲခြားဆက်ဆံရေးဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများပြုလုပ်

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် လက်ယာစွန်း လွှမ်းမိုးမှု ကန့်ကွက်သည့် ဆန္ဒပြပွဲအတွင်း လူထောင်ချီ ပါဝင်နေစဉ် (Markus Schreiber/AP)

 

လူမျိုးခွဲခြားဆက်ဆံရေးဝါဒကို ဆန့်ကျင်ရန်အတွက် ဆန္ဒပြလူအုပ်ကြီးသည် ဘာလင်သို့ အောက်တိုဘာ ၁၃ ရက်က ချီတက်လာခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြမှု၌ အနည်းဆုံး လူ ၁၅ဝဝဝဝ ခန့် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အလွန်တရာ မအေးလွန်းသော ရာသီဥတုအောက်တွင် ချီတက်ဆန္ဒပြသူများသည် ဘရန်ဒန်ဘာ့ဂ်ျဂိတ်၌ မစုရုံးခင် မြို့ထဲတွင် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချီတက်ဆန္ဒပြသူများသည် နာဇီဆန့်ကျင်ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပြီး မြေထဲပင်လယ်ပြင်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု သဘောရသည့် စာတန်းပါ လက်ကိုင် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသလို ”အမုန်းတရားများ လျော့နည်းရေး၊ ချစ်ခြင်းမေတ္တာများ တိုးပွားရေး”နှင့် ”နာဇီများအတွက် နေရာမရှိ”ဆိုသည့် ကြွေးကြော် သံများကိုလည်း ကြွေးကြော်ခဲ့ကြောင်းသိရသည်။

The unteilbar လှုပ်ရှားမှုဟုခေါ်သည့် ယင်းချီတက်ဆန္ဒပြမှုတွင် တက်ကြွလှုပ်ရှားသူများနှင့် တစ်ဦးချင်းသမားများ ပါဝင်ဖွဲ့စည်းခဲ့ပြီး ဂျာမနီနိုင်ငံ မြောက်ပိုင်း ဟမ်းဘတ်၊ တောင်ပိုင်း မြူးနစ်တို့တွင် ချီတက်ဆန္ဒပြမှုများလုပ်ဆောင် ခဲ့ကြောင်း၊ ယင်းက လူထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို အလုပ်သမားသမဂ္ဂ၊ ဘာသာရေးအဖွဲ့အစည်းများ၊ စေတနာရှင် အချို့က ထောက်ပံ့ပေးထားကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမာ့စ်က ပြောသည်။

-Ref: AFP