နာမာဂိုမီဒေါ့ဗ်ကို လုံးဝပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ ဝေဖန်လိုက်တဲ့ မေဝယ်သာ

မက်ဂရီဂေါ်ကို အနိုင်ရခဲ့တဲ့ UFC 229 ပွဲစဉ်အပြီး ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ရုရှားကိုယ်ခံပညာရှင် ခါဘီနာမာဂို မီဒေါ့ဗ်ကို မေဝယ်သာက ဝေဖန်သွားခဲ့ပါတယ်။ အဲဒီပွဲစဉ်အပြီးမှာ နာမာဂိုမီဒေါ့ဗ်က ရှစ်ထောင့်သံဇကာဝိုင်း အပြင်ဘက်ကို ကျော်တက်သွားပြီး မက်ဂရီဂေါ်ရဲ့ ဂျူဂျစ်ဆုနည်းပြ ဒီလွန်ဒန်းနစ်ကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် စုတ်ပြဲဒဏ်ရာရခဲ့ပြီး သတိလစ်သွားတယ်လို့ ဒီလွန်ဒန်းနစ်က ပြောပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် နာမာဂိုမီဒေါ့ဗ်ဟာ ကြီးလေးတဲ့ ဒဏ်ငွေချမှတ်ခံရဖို့ရှိသလို ချန်ပီယံခါးပတ် ရုပ်သိမ်းခံရတာ၊ ကိုယ်ခံပညာပေါင်းစုံ အားကစားနည်းကနေ ဆိုင်းငံ့ခံရတာမျိုး ကြုံရနိုင်ခြေရှိပါတယ်။

”မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့တဲ့ ကစားသမားကို ကျွန်တော် သိပ်မသိပါဘူး။ ဒါပေမဲ့ သူက ရှုံးပွဲမရှိသေးဘူး ဆိုတာတော့ သိထားပါတယ်။ မက်ဂရီဂေါ်က ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ပြိုင်ဘက် တစ်ယောက်ပါ။ ဒါပေမဲ့ မက်ဂရီဂေါ်ရဲ့ ပြိုင်ဘက်က သံဇကာဝိုင်းထဲကနေ ထွက်လာပြီး လူအုပ်ထဲက လူတွေကို ထိုးခဲ့တာတော့ တော်တော်လေး ပရော်ဖက်ရှင်နယ် မဆန်ပါဘူး။ ကျွန်တော်နဲ့ ဇက်ဂျူဒါတို့ ပွဲစဉ်တုန်းက ကြိုးဝိုင်းထဲမှာ မိုက်မဲတဲ့ တွန်းထိုးမှုတွေ ဖြစ်ပေါ်ခဲ့လို့ ဒဏ်ငွေများများစားစား ချမှတ်ခံခဲ့ရပါတယ်။ အဲဒီအတွက် ဒီဖြစ်ရပ်မှာလည်း ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်မယ်ထင်ပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ကျွန်တော့်အလှည့်တုန်းက ဂဏန်း ၇ လုံးလောက် ငွေပမာဏမျိုး ချမှတ်ခံခဲ့ရတာပါ”လို့ မေဝယ်သာက ပြောပါတယ်။

မက်ဂရီဂေါ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက မေဝယ်သာနဲ့ လက်ဝှေ့ထိုးခဲ့ပြီးနောက်ပိုင်း ၂ နှစ်နီးပါးအတွင်း ပထမဆုံး MMA ပွဲစဉ် ပြန်လည်ထိုးသတ်တာပါ။ အခုတစ်ပတ် အစောပိုင်းမှာ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က နာမာဂိုမီဒေါ့ဗ်က ချန်ပီယံရွှေခါးပတ် သိမ်းမှာ မဟုတ်ပေမယ့် ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ချမှတ်ပြီး UFC ပြိုင်ပွဲကနေ ၄ လမှ ၆ လကြား ပိတ်ပင်ထားဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

-Ref; Daily Mial