မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှု ဖြေလျှော့ပေးရန် ရုရှားနှင့် တရုတ် တိုက်တွန်း

နျူကလီးယားလက်နက် ဖျက်သိမ်းဖို့ မက်လုံးပေးတဲ့အနေနဲ့ မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးဖို့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ဒီလိုတိုက်တွန်းတာဟာ မြောက်ကိုရီးယားအပေါ် ဆက်လက်ဒဏ်ခတ်မယ့် နိုင်ငံတကာ သဘောတူညီချက်ကို ခြိမ်းခြောက်ရာကျပြီး အမေရိကန်နိုင်ငံ ရပ်တည်ချက်နဲ့ တိုက်ရိုက် ပဋိပက္ခ ဖြစ်စေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက နျူကလီးယားလက်နက် ဖျက်သိမ်းတာကို အပြည့်အဝ အကောင်ထည် မဖော်မချင်း လုံခြုံရေးကောင်စီ ဒဏ်ခတ်မှုတွေဟာ ပြင်းပြင်းထန်ထန် ဆက်ရှိနေရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို အခြေခံပြီး လုံခြုံရေးကောင်စီအနေနဲ့ ဒဏ်ခတ်မှုတွေကို ဖြေလျှော့ဖို့ စဉ်းစားသင့်တယ်လို့ ပြောကြားပါတယ်။

တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ရုရှားနိုင်ငံက ထောက်ခံပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ မသက်ဆိုင်တဲ့ တချို့ ဒဏ်ခတ်မှုတွေကို ဖြေလျှော့သင့်တယ်လို့ ပြောကြားခဲ့ကြောင်း ဗွီအိုအေသတင်းအရ သိရပါတယ်။

DVB