မက္ကဆီကို မြို့တစ်မြို့မှ ရဲတပ်ဖွဲ့ဝင်အားလုံးကို လက်နက်ဖြုတ်သိမ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

မက္ကဆီကိုရှိ မြို့တစ်မြို့မှ မြို့ခံ ရဲတပ်ဖွဲ့ အားလုံးကို ရာထူးမှ ဆိုင်းငံ့ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အေကာပယ်လ်ကို ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ စိမ့်ဝင် ထိန်းချုပ်မှုကို ခံထားရကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည့်နောက် ဗဟို အစိုးရ ရဲတပ်ဖွဲ့က မြို့ခံ ရဲတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းခဲ့သည်။

ကမ်းခြေမြို့၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လတ်တလောတွင် ဗဟိုရဲတပ်ဖွဲ့နှင့် စစ်တပ်က တာဝန်ယူ ကင်းလှည့် စောင့်ကြပ်ပေးလျက် ရှိသည်။ 

လတ်တလောတွင် မြို့ခံ ရဲတပ်ဖွဲ့၏ အရာရှိကြီး နှစ်ဦးကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ကျန်ရဲတပ်ဖွဲ့ဝင်များကို လက်နက် ဖြုတ်သိမ်းကာ အကျယ်ချုပ်ဖြင့် စောင့်ကြည့်နေသည်။ 

အေကာပယ်လ်ကိုသည် မက္ကဆီကို၏ စီးပွားရေး ဖွံ့ဖြိုးရာ ဧရိယာတစ်ခု ဖြစ်ခဲ့သော်လည်း မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှု ကွန်ရက်များအတွင်း သက်ဆင်းခဲ့ရပြီး လူသတ်မှုများလည်း တရိပ်ရိပ် မြင့်တက်လာသည်။ ယမန်နှစ်က လူဦးရေ တစ်သိန်းလျှင် လူသတ်မှု ၁၀၃ ခုနှုန်း ဖြစ်ပွားခဲ့ရာ မက္ကဆီကိုတွင် လူသတ်မှု အချိုးအစား အများဆုံး မြို့အဖြစ် ရပ်တည်ခဲ့သည်။

မက္ကဆီကို အစိုးရ ရှေ့နေများက မြို့ခံရဲတပ်ဖွဲ့သည် ရာဇဝတ်ဂိုဏ်းများ၏ လာဘ်ထိုး၍ ထိန်းချုပ်မှုကို ခံထားရကြောင်း ယုံကြည်လောက်သည့် အထောက်အထားများ ရှိနေသည်ဟု မှတ်ချက်ပေးခဲ့သည်။ အကယ်၍ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ငွေကြေးဖြင့် စည်းရုံးမှုကို လက်မခံပါက ရာဇဝတ်ဂိုဏ်းများက ၎င်းတို့ကို ရန်ရှာရန် ခြိမ်းခြောက်သည့် အခြေအနေများ ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Ref: BBC