မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းမည်

၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာ ခြေစမ်းပွဲစဉ် တစ်ပွဲအဖြစ် တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့တွင် ကစားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဘိုလီဗီးယား ဘောလုံး အဖွဲ့ချုပ်တို့ ခြေစမ်းပွဲ ဖြစ်မြောက်ရေး အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၊ တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် (CONMEBOL)၊ အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) တို့နှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်လျက် ရှိပြီး မကြာမီ သတင်း အချက်အလက်များအား ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

မြန်မာ့ ဘောလုံးသမိုင်းတွင် တောင်အမေရိက လက်ရွေးစင်ဘောလုံး အသင်းတစ်သင်းနှင့် ခြေစမ်းနိုင်ခြင်းမှာ ယခု အကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်ပြီး ယင်း ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်၊ ညနေ ၆း၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစား ကွင်း၌ ယှဉ်ပြိုင် ကစားရန် စီစဉ်ထားသည်။ အဆိုပါ သမိုင်းဝင် ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးမှာ အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၃၀၀၀ ကျပ်သာ သတ်မှတ်ထားပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ရုပ်သံလိုင်းအချို့ တို့မှလည်း တိုက်ရိုက်ပြသနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်သည်။

ဘိုလီးဗီးယား လက်ရွေးစင် အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် ၅၈ တွင် ရပ်တည်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၃၀၊ ၁၉၅၀ နှင့် ၁၉၉၄ တို့တွင် သုံးကြိမ် ကစားဖူးသည့် အသင်းလည်း ဖြစ်သည်။

လက်ရှိ ဘိုလီဗီးယား အသင်းကို ပြည်တွင်းလိဂ်မှ ကစားသမား အများစုဖြင့် ဖွဲ့စည်းထားပြီး ဂိုးသမား ကားလို့စ် လမ်ပီ (ဟွာချီပါတို-ချီလီ)၊ တိုက်စစ်မှူး များဖြစ်သော မာဆယ်လို မိုရီနို (ဝူဟမ်းဇယ်-တရုတ်)၊ ဂီလ်ဘာတို အယ်လ်ဗာရက်ဇ် (အယ်လ်ဟာဇမ်-ဆော်ဒီ)၊ ဘရူနို မီရန်ဒါ (ဒီစီယူနိုက်တက်-အမေရိကန်) စသည့် ကစားသမားများလည်း ပါဝင်နေကြသည်။

ဘိုလီးဗီးယား လက်ရွေးစင် အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲစဉ်များ ယှဉ်ပြိုင်ကစားစဉ်က အိမ်ကွင်းတွင် အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေး စသည့် အသင်းများကို အနိုင်ကစားပြီး ဘရာဇီးကို ဂိုးမရှိ သရေကျအောင် ကစားနိုင်ခဲ့သည့် အသင်းလည်း ဖြစ်သည်။ မ္ဘာ့ဘောလုံး အင်အားကြီး နိုင်ငံများအနက် ဘိုလီဗီးယား အသင်းသည် အိမ်ကွင်းမာကျောသည့် အသင်းဖြစ်ပြီး ထိပ်သီးအသင်းများကိုပင် အနိုင်ကစားထားခဲ့သည့် မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားသည်။

ဘိုလီးဗီးယား လက်ရွေးစင် အသင်းမှာ မြန်မာ လက်ရွေးစင် အသင်းအတွက် ကြုံတောင့်ကြုံခဲ ပြိုင်ဘက် အသင်း တစ်သင်း ဖြစ်ပြီး ပရိသတ်များ အနေဖြင့်လည်း ကမ္ဘာ့အဆင့် မြင့်မားသည့် တောင်အမေရိက အသင်းတစ်သင်းနှင့် ကစားသည့်ပွဲကို အိမ်ကွင်းတွင် မျက်ဝါးထင်ထင် အားပေးခွင့် ရရှိမည် ဖြစ်သည်။

ဘိုလီးဗီးယား လက်ရွေးစင် အသင်းအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် အာရှထိပ်သီး ဆော်ဒီအာရေဗျ အသင်းနှင့် ခြေစမ်းခဲ့ပြီး နှစ်ဂိုးစီ သရေကျခဲ့ကာ အောက်တိုဘာ ၁၆ တွင် အီရန်နှင့် ဆက်လက် ခြေစမ်းဦးမည် ဖြစ်သည်။ 

Source: MFF