တောင်ကိုရီးယားက အီရန်မှရေနံတင်သွင်းမှုကို ရပ်ဆိုင်း

တောင်ကိုရီးယားရှိ ကွန်တိန်နာအတင်အချဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

 

တောင်ကိုရီးယားနိုင်ငံက အီရန်နိုင်ငံမှရေနံတင်သွင်းမှုကို လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  အီရန် ရေနံဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၄င်းမှာ အမေရိကန်က နိုဝင်ဘာလတွင် အီရန်၏ရေနံတင်ပို့မှုကို ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် အီရန်၏ရေနံတင်သွင်းမှုကို သုညအထိလျှော့ချခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့ခြိမ်းခြောက်မှုများ မတိုင်မီ တောင်ကိုရီးယား နိုင်ငံသည် အီရန်နိုင်ငံမှ နေ့စဉ် ရေနံစည်ပေါင်း ၁သိန်း၈ သောင်းခန့် တင်သွင်းကြောင်း အီရန်ရေနံဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။ 

အမေရိကန်နိုင်ငံသမ္မတ ထရန့်သည် ပြီးခဲ့သော မေလက အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်မည်ဟု ကြေညာပြီးနောက် အမေရိကန်အစိုးရသည် သြဂုတ်လမှစ၍ အမေရိကန်ဒေါ်လာ၊ အဖိုးတန်သတ္တု၊ မော်တော်ယာဉ်စသည်တို့ကို ပိတ်ဆို့မှုများပြန်လည်စတင်ခဲ့ရာ နိုဝင်ဘာလတွင် အီရန်၏ရေနံတင်ပို့မှု နှင့်ဘဏ်လုပ်ငန်းများကို ပိတ်ဆို့မှုများလုပ်ရန် စီစဉ်ခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Boltonက အမေရိကန်သည် အီရန်ရေနံ တင်ပို့မှုကို သုညအထိ လျှော့ချရန် ပိတ်ဆို့မှုများဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အမေရိကန်၊ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ဂျာမနီ  တို့ ပါဝင်သော နိုင်ငံ ၆ နိုင်ငံ နှင့် အီရန်နိုင်ငံအကြား အီရန်နျူကလီးယားသဘောတူညီမှု ရရှိခဲ့ရာ ၄င်း သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားအစီအစဉ်ကို ကန့်သတ်မည်ဟုကတိပြုခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်း အနေဖြင့် ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။

(Xinhua)