အချုပ်အခြာအာဏာကို မည်သူမျှဝင်ရောက် စွက်ဖက်ဆုံးဖြတ်နိုင်ခွင့်မရှိဟု တပ်ချုပ်ပြော

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့် နိုင်ငံ၊ အဖွဲ့အစည်းကမျှဝင် ရောက်စွက်ဖက်ဆုံးဖြတ်နိုင်ခွင့်မ ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ကပြောကြားသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများနှင့် စက်တင်ဘာ ၂၃ ရက်တွင် တွေ့ဆုံစဉ်ယင်းသို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂသဘောတူ ညီချက်များမှ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် သဘောတူညီချက်များကို လိုက်နာနေကြောင်းနှင့် ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြောကြားမှုများသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အမြင်လွဲမှားမှုကို ဖြစ်စေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ သည် နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ တိုင်းရင်းသား  အားလုံး၏ မူလရပိုင်ခွင့်များအပေါ်ခွဲခြားမှုမရှိ၊ တန်းတူညီမျှစွာ အာမခံချက်ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ ‘‘မိမိတို့နိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတော်၏ အဆင့်ဆင့် သောအဖွဲ့အစည်းများဖွဲ့စည်းမှု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြဋ္ဌာန်းရေး၊ နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများစသဖြင့် အချက်အလက်ပြည့်ပြည်စုံစုံ ကိုစာဖြင့်ရေးသား ဖော်ပြထား သည့် အာမခံချက်ပင်  ဖြစ်ကြောင်း’’ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြား သည်ဟု တပ်ချုပ်၏ ၀က်ဘ်ဆိုက်၌  ထုတ်ပြန်ဖော်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ သည် Mother Law (ပင်မဥပဒေ)  ဖြစ်ပြီးနိုင်ငံအတွင်းရှိ အလွှာ ပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား  ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးညှိနှိုင်းကာမည် သည့်ခြိမ်းခြောက်မှု၊ ဖိအားပေးမှု များမပါရှိဘဲ တစ်နိုင်ငံလုံး၏ အကျိုးစီးပွားအတွက်  ပကတိအခြေအနေများနှင့် ကိုက်ညီအောင်   ဆွေးနွေးညှိနှိုင်းရေးဆွဲခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကပြောကြားသည် ဟုဆိုသည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို တပ်မတော်က နိုင်ငံရေးထွက်ပေါက်အဖြစ် ဦးဆောင် ရေးဆွဲခြင်း ဖြစ်ပြီး ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်း ရင်းသားများက ၎င်းတို့မပါဝင်ဘဲ  ရေးဆွဲထားသည်ဟု စဉ်းစားထား ခြင်းဖြစ်ကြောင်း တိုင်းရင်းသား အရေးလေ့လာသူဦးမောင်မောင် စိုးကမှတ်ချက်ပြုသည်။

‘‘တပ်က မြင်တာနဲ့အင်န် အယ်လ်ဒီအပါအ၀င် ဒီမိုကရက်တစ်  အင်အားစုတွေမြင်တာရော၊တိုင်းရင်းသားတွေ မြင်တာရောက မတူဘူးဆိုတာက လက်ခံရလိမ့်မယ်။ ဒါကတော့ဒီနေ့ကာလမှာ အဲဒီမတူတဲ့အမြင်တွေကို ဘယ်လို ညှိနှိုင်းပြီးတော့ အခြေခံဥပဒေကို၊ ဒီအကျပ်အတည်းကို ဖောက်ထွက်မလဲဆိုတာ အားလုံးစဉ်းစား  ဖို့လိုအပ် တယ်လို့ကျွန်တော်ပြောချင်ပါတယ်’’ ဟု၎င်းက ဆိုသည်။ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှု အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ အကျိုးစီးပွား၊ တိုင်းရင်းသားများ၏ အကျိုးစီးပွားများကို   အကာအကွယ်ပေးခြင်းသည်  တရားသောစစ်ကို ဆင်နွှဲခြင်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လားရှိုး တပ်နယ်တွေ့ဆုံပွဲ၌ ပြောကြားသည်။

ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ မဖြစ်နိုင်သည့် တောင်းဆိုမှုများကို လက်ခံ၍ မရဘဲ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်မှု ဥပေဒေနှင့် အညီသာဆောင် ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းဥပဒေသည် ဘင်္ဂါလီများအတွက်သာ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးအတွက်ပြဋ္ဌာန်းထားသော ဥပဒေဖြစ်၍ မည်သူမဆိုဥပဒေနှင့် အညီ စိစစ်လက်ခံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်ဟု ဖော်ပြထားသည်။