စီရော်နယ်လ်ဒို အနီကဒ်ပြသခံရပြီးနောက် VAR စနစ်မရှိခြင်းကို ဂျုဗင်တပ်စ်နည်းပြ အယ်လီဂရီ မကျေနပ်ဖြစ်

ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ဗလင်စီယာနဲ့ပွဲမှာ အနီကဒ်နဲ့ စီရော်နယ်လ်ဒို ထုတ်ပယ်ခံရတဲ့နောက် ဂျူဗီတပ်စ်သင်းနည်းပြ အယ်လီဂရီက VAR စနစ် အသုံးပြုခြင်းမရှိတာကြာင့် အခုလိုဖြစ်ရတာလို့ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

စီရော်နယ်လ်ဒိုဟာ ဗလင်စီယာနောက်ခံလူ မိုရီလိုရဲ့ ခေါင်းကို ပုတ်မိလို့ ကွင်းလယ်ဒိုင်လူကြီးက အနီကဒ်ပြ ထုတ်ပယ်ခဲ့တာကြောင့် ပထမပိုင်း ၂၉ မိနစ်မှာပဲ မျက်ရည်စတွေနဲ့ မက်စ်တဲလားကွင်းထဲကနေ ထွက်ခွား သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယာနစ်ရဲ့ ပင်နယ်တီ ၂ လုံးနဲ့ ဂျူဗင်တပ်စ်တို့ ဒီပွဲကို အနိုင်ရခဲ့ပါတယ်။ 

ဂျာမန် ဒိုင်လူကြီး ဖီးလစ် ဘာရစ်ခ်ျ ဆုံးဖြတ်ချက်က အလောကြီးပုံရပါတယ်။ ရောနယ်လ်ဒိုဟာ ဂိုးသွင်းဖို့ ဂိုးဧရိယာထဲ ပြေးဝင်လာရင်း ကပ်ပါလာတဲ့ နောက်ခံလူ မိုရီလို လဲကျသွားတာကြောင့် ပြိုင်ဘက်ကို တွန်းမိ သွားတဲ့ပုံ ဖြစ်သွားပါတယ်။ သူဟာ လဲကျနေတဲ့ ပြိုင်ဘက်ကစားသမားရဲ့ ခေါင်းကို ပွတ်ကိုင်လိုက်ပြီး မြန်မြန်ပြန်ထဖို့ လက်ကို ဝှေ့ယမ်းခဲ့ပါတယ်။

ဒါပေမယ့် ဗီဒီယိုရုပ်သံကို အနှေးပြကွက်နဲ့ ပြန်လည် ကြည့်ရှုတဲ့အခါ ဗလင်စီယာနောက်ခံကစားသမားဟာ ရော်နယ်လ်ဒိုနဲ့ ထိခိုက်မိဟန်ဆောင်ပြီး ဒိုင်ဗင်ပစ်ထိုးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီပွဲစဉ်မှာ VAR နည်းပညာ အသုံးပြုခဲ့တာ မဟုတ်တာကြောင့် ရော်နယ်လ်ဒိုကို အနီကဒ်အထိ ပြလိုက်တာဟာ အငြင်းပွာဖွယ်ရာဖြစ်ခဲ့ရပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

“ကျနော် တစ်ခုထဲ ပြောနိုင်တာက VAR နည်းပညာဟာ ဒိုင်လူကြီးတွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နိုင်အောင် ကူညီပေးခဲ့တာပါ။”လို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ပြောပါတယ်။

ရော်နယ်လ်ဒိုရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ ဥရောပအဖွဲ့ချုပ် (UEFA) က ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုတာ စောင့်ကြောင့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လာမယ့် အောက်တိုဘာ ၂ ရက်မှာ အိမ်ကွင်းမှာ ကစားမယ့် ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အနည်းဆုံး တစ်ပွဲ လွှဲချော်ဖွယ်ရှိပါတယ်။ အဲဒီနောက်မှာ မန်ယူအသင်းနဲ့ပွဲအပါအဝင် ၂ ပွဲအထိ လွှဲချော်ဖွယ်ရှိနေပါတယ်။

“ချန်ပီယံလိဂ်မှာ တစ်ယောက်လျော့အနေအထားနဲ့ ကစားရတဲ့ ဒီလိုမျိုးဖြစ်ရပ်တွေက စိတ်ပျက်စရာပါ။ ကျနော်တို့ ဒီပွဲမှာ စီရော်နယ်လ်ဒိုကို ဆုံးရှုံးခဲ့ရသလို နောက်လာမယ့်ပွဲတွေမှာလဲ သူ့ကို လက်လွှတ်ရအုံးမှာဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။

ခရစ္စတီယာနိုင် ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၅၄ ပွဲမြောက်အဖြစ် ပါဝင်ကစားခဲ့တဲ့ပွဲမှာ ပထမဆုံး အနီကဒ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ VAR နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အောင်မြင်စွာ အသုံးပြုခဲ့ပြီးတဲ့နောက် ယူအီးအက်ဖ်အေက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီစနစ်ကို အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

(AFP)