ကေအင်န်ယူ ဌာနချုပ်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် လော်ခီးလာဒေ သ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်ထိ သုံးရက်ကြာကျင်းပပြီး KNU အပါအ၀င် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက် ကိုင်သုံးဖွဲ့နှင့် ကရင်၊ မွန်၊ ကယားပြည်နယ်၊ ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ကရင်အမျိုး သား နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကော်မတီ (KNDCC) က သတင်းထုတ်ပြန်သည်။

ကရင်တိုင်းရင်းသား ကိုယ် စားလှယ် ၁၀၀ ကျော် တက်ရောက်သော အဆိုပါဆွေးနွေးပွဲတွင် ၂၁ရာစုပင်လုံ (တတိယအစည်း ဝေး)သို့ တင်သွင်းခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC) ၏ အစီရင်ခံစာများကို တင်သွင်း ဖတ်ကြားခဲ့သည်။

ထို့ပြင် DPDJC ကို ပြန်လည်သုံးသပ်ပြီး ၂၁ ရာစုပင်လုံညီလာခံ သို့ တက်ရောက်သည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍအလိုက် ညီလာခံ ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်မျှ ဝေခြင်းနှင့် သဘောထားအမြင် များကို တင်ပြသုံးသပ်ဆွေးနွေးခဲ့ ကြောင်း KNDCC က သတင်း ထုတ်ပြန်သည်။ 

ယင်းဆွေးနွေးပွဲမှ ရရှိသော အကြံပြုချက်များကို NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံသို့ တင်သွင်းမည်ဟု ထုတ်ြပန်ချက်တွင် ပါရှိသော်လည်း အကြံပြုချက် အသေးစိတ်ကို ဖော်ပြမထားပေ။ NCA လက်မှတ်ထိုးအဖွဲ့များ၏ တတိယအကြိမ်မြောက် ညီလာခံကို စက်တင်ဘာ ၆ ရက်ကစ၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပရန် စီစဉ်ထားသည်။