အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တရုတ်နိုင်ငံ၌ တွေ့ဆုံရန် ညှိနှိုင်းနေ

အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ တရုတ် နိုင်ငံ၌ ယခုလအတွင်း တွေ့ဆုံရန် ညှိနှိုင်းနေကြောင်း ‘ဝ’လက်နက် ကိုင်အဖွဲ့(UWSA) ပြောရေးဆို ခွင့်ရှိသူ လားရှိုးမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရန်းက ပြော ကြားသည်။  ‘‘ကျွန်တော်သိရသလောက်ကတော့ ဆုံဖို့ရှိမယ်လို့ တိုင်ပင်နေကြတယ်။ တရုတ်ပြည်မှာပေါ့။ ရက်စွဲတိတိကျကျတော့ မထွက် လာသေးဘူး’’ဟု ဦးညီရန်းက စက်တင်ဘာ ၂ ရက်တွင် ပြောသည်။ 

ထိုသို့တွေ့ဆုံရာတွင် ‘ဝ’အဖွဲ့ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (FPNCC) အဖွဲ့ဝင်  မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့ကို တစ်ပြိုင်တည်း တွေ့ဆုံ ရန် အစိုးရထံတောင်းဆို ထားသည်ဟု ၎င်းက ဆိုသည်။ FPNCC အဖွဲ့ဝင်များသည် ‘ဝ’အဖွဲ့ (UWSA)၊ ကချင်အဖွဲ့(KIO)၊ ရှမ်းအဖွဲ့(SSPP)၊ မိုင်းလားအဖွဲ့(NDAA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊  တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA)တို့ဖြစ်သည်။ 

‘‘ကျွန်တော်တို့ တောင်းဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ FPNCC နဲ့မှ ဆွေးနွေးမယ်လို့ ထုတ်ပြန်ချက် အကြိမ်ကြိမ်လည်း ထုတ်ပြန်ခဲ့ပြီးသားပဲ။ ကျွန်တော်တို့ ဒီမူကို လွယ်လင့် တကူ ပြောင်းလဲမှာတော့ မဟုတ်ပါဘူး’’ဟု ၎င်းကဆိုသည်။  အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ဖွယ်ရှိ၊ မရှိ မေးမြန်းရာ ဦးညီရန်းက ‘‘ဒီလ လယ်လောက်လည်း ဖြစ်ရင်ဖြစ် မှာပေါ့’’ဟု ဖြေကြားသည်။ 

ဆွေးနွေးရန် အစိုးရဘက်မှ ဆက်သွယ်လာမှုရှိ၊ မရှိနှင့် ပတ်သက်၍ KIO/KIAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူအား မေးမြန်းရာ၎င်းက‘‘ရှိတော့ရှိမှာပါ။ ဒါပေမဲ့ တရားဝင် ကျွန်တော်တို့ကို ညွှန်ကြားတာ မရှိတဲ့ အခါကျတော့ ကျွန်တော်တို့ကပြောလို့လည်း မရဘူး’’ဟု ဖြေကြားသည်။  အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များ၏တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများကို စက်တင်ဘာ ၂ ရက်က ဆက်သွယ်ရာ ဖုန်း အဆက်အသွယ်မရပေ။ 

လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် ငါးဖွဲ့အကြား တိုက်ပွဲဖြစ်ပွား နေသည်။  ပြီးခဲ့သည့် ဇူလိုင်အတွင်း ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအပြီးတွင် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ နှင့်တွေ့ဆုံပြီး ယင်းအဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)တွင် ပါဝင်လာရေး ညှိနှိုင်းရန် အစိုးရဘက်က စီစဉ်ခဲ့သည်။ 

အဆိုပါ ညီလာခံ အပြီးတွင် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ နှင့် KIO အဖွဲ့အကြား နှစ်ကြိမ် ဆွေးနွေးခဲ့သော် လည်း ဆွေးနွေးပွဲ ရလဒ်မအောင်မြင်ကြောင်း လေ့လာသူများက ပြောသည်။  ထို့ကြောင့် သြဂုတ်ဒုတိယပတ်တွင် တွေ့ဆုံရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် FPNCC အဖွဲ့ဝင်သုံးဖွဲ့ဖြစ်သော TNLA, AA, MNDAA တို့၏ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့သည်ဆိုသည်။