ပိုင်ရှင်မဲ့ သင်္ဘောကို ပြန်လည်ဆွဲယူရန် သက်ဆိုင်ရာနိုင်ငံသို့ အကြောင်းကြားထား

မြန်မာ့ရေပိုင်နက်အတွင်းတွေ့ရသည့် ပိုင်ရှင်မဲ့ သင်္ဘောကို ပြန်လည်ဆွဲယူရန် ပိုင်ရှင်ပါလာဦ (Palau) နိုင်ငံထံ Email ပို့အကြောင်းကြားထားပြီး အကြောင်းမပြန်ပါက သင်္ဘောကို လေလံတင် ရောင်းချနိုင်ကြောင်း   ရေကြောင်း ဦးစီးဌာနအရာရှိ  တစ်ဦးကပြောသည်။ မြန်မာ့ရေပိုင်နက်သုံးခွမြို့နယ် သမစိတ္တကျေးရွာမှ ရေမိုင် ခုနစ်မိုင်အကွာ တွင် သောင်တင်နေသော SAM RATULANGI PD  အမည်ရှိ သင်္ဘောကို သြဂုတ် ၂၈ ရက်က တံငါသည်များ ကတွေ့ရှိပြီး သြဂုတ် ၃၀ ရက်တွင်တပ်မတော်(ရေ) အပါအ၀င်သက် ဆိုင်ရာတာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့သည်။ အဆိုပါ သင်္ဘောသည်အလျား ၁၇၇ ဒသ မ ၃၅ မီတာ၊ အနံ ၂၇ ဒသမ ၉၁ မီတာ၊ တန်ချိန် ၂၆,၅၁၀ အလေးချိန်သည့်  ကုန်တင်သင်္ဘောဖြစ်ပြီး စတင်တွေ့ရှိချိန်တွင် ခါးရိုးကျိုး နေကြောင်း ရဲတပ်ဖွဲ့ ကထုတ်ပြန်ခဲ့သည်။

အဆိုပါ ရေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရှိ ကျွန်းနိုင်ငံဖြစ်သော ပါလာဦနိုင်ငံ မှတ်ပုံတင်ထားသည့် ရေယာဉ် ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ  ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက် စက်ရုံသို့ပို့ဆောင်ရန် ပင်လယ်သွားတွဲဆွဲရေယာဉ် ဖြင့်တွဲဆွဲပြီး ထွက်ခွာခဲ့ရာသြ ဂုတ် ၂၆ ရက်၌ ရန်ကုန်မြစ်ဝ တောင်ဘက်သို့ ရောက်ရှိစဉ်ရာ သီဥတုဆိုးရွားမှုကြောင့် တွဲဆွဲကြိုး အချို့ပြတ်တောက်ပြီး မျောပါကာ ဆက်လက်သွားရန်အ ခက်အခဲရှိသဖြင့် ယခုနေရာအနီးတွင် ထားရှိခဲ့ကြောင်းစစ်ဆေး တွေ့ရှိရသည်ဟု တပ်မတော်(ရေ)က ထုတ်ပြန် ထားသည်။

အဆိုပါ ရေယာဉ်သည်ပါလာဦနိုင်ငံတွင် သင်္ဘောမှတ်ပုံတင်ထားခြင်းကြောင့်  သက်ဆိုင်ရာနိုင်ငံနှင့် ဌာနဆိုင်ရာသို့  သြဂုတ် ၃၁ ရက်တွင် Email ပို့အကြောင်းကြားထားကြောင်း ရေကြောင်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးရဲမြင့်က ပြောသည်။ အကြောင်းကြားစာကို အကြောင်းပြန်ပါက သင်္ဘောကို ပြန်လည်ဆွဲယူရန် တိုက်တွန်း မည်ဖြစ်ပြီး ပြန်လည်မဆွဲယူပါက ရေကြောင်း ဥပဒေအရမိမိနိုင်ငံ  အပိုင်ဖြစ်သွားကာလေလံတင်ခြင်း၊ ပြန်လည် ပြုပြင် အသုံးပြုခြင်းများပြုလုပ်နိုင်ကြောင်း ရေကြောင်းဦးစီးဌာန အရာရှိတစ်ဦး ကပြောသည်။