ရာဇဝတ်ကောင်များကို ရဲများက ပစ်သတ်ခွင့် ရှိသင့်ဟု ဘရာဇီး သမ္မတလောင်းဆို

လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးအဖြစ် လူသိများသော ဂျယ်ဘိုလ်ဆွန်နာရိုသည် လာမည့် ရွေးကောက်ပွဲတွင် သမ္မတ မစ်ချယ်လ် တမ်မာကို အဓိက စိန်ခေါ်နိုင်မည့်သူ တစ်ဦးအဖြစ်လည်း ထင်ကြေးပေး ခံနေရသည်။ ၎င်းက ဘရာဇီး ရဲများသည် ရာဇဝတ်သားများကို သတ်ဖြတ်မိသည့်အခါ တရားရေးအရ ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ ယင်းအစား အဆိုပါ ရဲဝန်ထမ်းကို ဆုတံဆိပ်ပင် ချီးမြှင့်ထိုက်ကြောင်း အင်တာဗျူး အစီအစဉ် တစ်ခုတွင် မှတ်ချက်ပေးသွားခဲ့သည်။

“ဒုစရိုက်သမားတွေ၊ ရာဇဝတ်ကောင်တွေကို ခင်ဗျားတို့ အနေနဲ့ သာမန်လူ တစ်ယောက်လို သဘောထား ဆက်ဆံနေလို့ မရပါဘူး။ ဟုတ်တယ်နော်။ လုပ်ပိုင်ခွင့်ကို ချုပ်ခြယ်ထားလို့ သူတို့လို လူစားတွေ လက်ထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ အသက်ပေးလိုက်ရတာမျိုး မဖြစ်သင့်ဘူး”ဟု ၎င်းက ဆိုသည်။

ဘိုလ်ဆွန်နာရိုက “တကယ်လို့ ရဲတစ်ယောက်ဟာ ရာဇဝတ်ကောင် ၁၀ ယောက်၊ အယောက် ၂၀ ၊ အယောက် ၃၀ လောက်ကို ပစ်သတ်ခဲ့တယ် ဆိုပါစို့။ သူ့ကို တရားစွဲမယ့်အစား ဆုတံဆိပ် ချီးမြှင့်လိုက်သင့်တာပေါ့”ဟုလည်း ပြောကြားခဲ့သည်။

၎င်း၏ မှတ်ချက်သည် အငြင်းပွားစရာ အခြေအနေများစွာကို ဖြစ်ပေါ်လာစေသည်။ ဘိုလ်ဆွန်နာရို အနေဖြင့် ထိုကဲ့သို့ အငြင်းအခုံ ဖြစ်လောက်သော စကားမျိုး ယခင်ကလည်း ပြောဆိုခဲ့ဖူးသည်။ ၎င်းသည် ဘရာဇီး စစ်အာဏာရှင် အစိုးရဟောင်းကို ကာကွယ်သည့် သဘောမျိုး ပြောဆိုဖူးသလို လိင်တူစုံမက်မှု၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍လည်း သဘောထား ကွဲလောက်စရာ မှတ်ချက်မျိုး ပေးခဲ့ဖူးသည်။ 

၎င်း၏ ရွေးကောက်ပွဲ အဓိက ပြိုင်ဘက်ဟု ယူဆရသည့် ဆီရို ဂိုမက်စ်ကမူ ဘိုလ်ဆွန်နာရိုသည် မျက်စိတစ်ဆုံးမျှသာ ကြည့်တတ်သည့် ဟစ်တလာပေါက်စဟု ဝေဖန် လှောင်ပြောင်ထားသည်။

Ref: ABC