ဒေသခံများ၏အခက်အခဲများ ဖြေရှင်းပေးရန် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

မြန်အောင် သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့တွင် မြန်အောင်မြို့နယ် တောကျွဲလူးကျေးရွာအုပ်စုရှိ ရွာခွဲ ၁၃ ရွာမှ ဒေသခံရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တောကျွဲလူးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအေးချိုနေအိမ်တွင် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ရှေးဦးစွာ တောကျွဲလူးကျေးရွာအုပ်စုပါတီဥက္ကဋ္ဌက ဒေသခံများနှင့်မြို့နယ်ပါတီကော်မတီများနှင့် မိတ်ဆက်ပေးခြင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်က လက်ရှိနိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ယဉ်မြတ်သူက ပါတီ၏ မူဝါဒများ၊ ဖွဲ့စည်းပုံများနှင့်အမျိုးသမီးရေးရာ၊ လူငယ်ရေးရာနှင့်တောင်သူလယ်သမားရေးရာများ၏ လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ဒေသခံတောင်သူလယ်သမားများ၏ အခက်အခဲများကို တင်ပြကြရာ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးအကြံပြု ခြင်းများကို ဆောင်ရွက်ကြပြီး ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး နယ်မြေအတွင်း လိုက်လံတွေ့ဆုံခဲ့ကြသည်။