ဂျာမနီမှာ လက်ယာစွန်းဝါဒီနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများ ဆန္ဒပြထိပ်တိုက်တွေ့မှု ဖြစ်ပွား

ဘာလင်၊ သြဂုတ် ၂၈

ဂျာမနီနိုင်ငံ ကမ်နက်ဇ်မြို့မှာ လက်ယာစွန်းဝါဒီ ဆန္ဒပြသူတွေနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေကြား ဆန္ဒပြပွဲတစ်ရပ်မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ဆီးရီးယားနဲ့ အီရတ် အမျိုးသားတွေ ကျုးလွန်တယ်လို့ စွပ်စွဲနေလျက်ရှိတဲ့ ဓားကိုင်သတ်ဖြတ်မှုတစ်ရပ် ဖြစ်ပွားပြီးနောက်မှာ လူအုပ်စုတွေဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် ပစ်မှတ်ထား ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေအတွက် နာမည်ဆိုးရှိတဲ့ ကွန်မြူနစ်ဟောင်းအရှေ့ဂျာမနီမှာ နောက်ထပ်အမည်းစက် စွန်းထင်စေတဲ့ ဖြစ်ရပ်ဖြစ်စဉ်အဖြစ်လည်း သတင်းတွေက ဖော်ပြပါတယ်။

သြဂုတ် ၂၆ ရက်နေ့က ဂျာမန်အမျိုးသားတစ်ဦးကို အီရတ်နဲ့ ဆီးရီးယား အမျိုးသားနှစ်ဦးက ဓားထိုးသတ်ဖြတ် ပြီးနောက်မှာ ပြည်ပနိုင်ငံခြားသားတွေကို စိတ်ဆိုးဒေါသထွက်လာကြတာဖြစ်ပါတယ်။ အဲဒီ ကျုးလွန်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ နှစ်ဦးကိုလည်း ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

အစွန်းရောက်တဲ့ ရမ်းကားသူတစ်ချိုဆိုရင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို လမ်းတွေပေါ် လိုက်လံရှာဖွေပစ်မှတ် ထားလာပါတယ်။

လက်ယာစွန်း တက်ကြွလှုပ်ရှားသူတွေဟာ မြို့လယ်မှာ စုရုံးကြပြီး ဒီလူစုလူဝေးနဲ့ မီတာအနည်းငယ်အကွာမှာ  နာဇီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်စုရုံးကြတာ ဖြစ်ပါတယ်။

ဂျာမန်အမျိုးသား သတ်ဖြတ်ခံရခြင်းအတွက် ရွှေ့ပြောင်းဝင်ရောက်သူတွေကို လက်ယာစွန်းဝါဒီတွေက ပစ်မှတ်ထား ရှုတ်ချကြပါတယ်။

လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူအုပ်စုကတော့ ဒီသတ်ဖြတ်ခံရမှုကို လက်ယာစွန်းဝါဒီတွေက နိုင်ငံရေးအတွက် အသုံးချနေတာလို့ စွပ်စွဲကြတာ ဖြစ်ပါတယ်။

-Ref; AFP