နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် အီရန် စီးပွားရေး ဝန်ကြီး ရာထူးမှ ဖြုတ်ချခံရ

တီဟီရန် သြဂုတ် ၂၆

အီရန်စီးပွားရေး ဝန်ကြီး မာဆွတ်ကာဘာရှန်သည် နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် လွှတ်တော်၏ အယုံအကြည်မရှိ အဆိုဖြင့် သြဂုတ် ၂၆ ရက်တွင် ရာထူးမှ ဖြုတ်ချခံလိုက် ရကြောင်း သိရသည်။

အီရန်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှု များအပြင် စီးပွားရေး ကျပ်တည်းမှုများနှင့် တွေ့ကြုံနေရစဉ် စီမံကိန်းများ ကောင်းစွာ မချမှတ်နိုင်သည့် စီးပွားရေး ဝန်ကြီးကို အယုံအကြည်မရှိ အဆိုဖြင့် လွှတ်တော်က မဲခွဲဆုံးဖြတ်ကာ ရာထူးမှ ဖြုတ်ချ လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အယုံအကြည်မရှိ အဆိုကို လွှတ်တော်အမတ် ၁၃၇ ဦးက ထောက်ခံပြီး ၁၂၁ ဦးကသာ ကန့်ကွက်သောကြောင့် စီးပွားရေး ဝန်ကြီးကို ရာထူးမှ ဖြုတ်ချနိုင်ခြင်း ဖြစ်သည်။

ထို့ပြင် မာဆွတ်ကာ ဘာရှန်သည် ယခုလအတွင်း ရာထူးမှ ဖြုတ်ချခံရသည့် ဒုတိယမြောက် ဝန်ကြီး ဖြစ်လာသည်။ စီးပွားရေးဝန်ကြီး၏ မှားယွင်းသော စီမံခန့်ခွဲမှုများနှင့် ဆုံးဖြတ်ချက်များကြောင့် ပြည်သူများကို အထိနာစေပြီး အချို့သော သူများက ပြည်သူပိုင် ပစ္စည်းများကို ခိုးဝှက် တိုက်ခိုက် လာသည်အထိ ဖြစ်စေကြောင်း ကွန်ဆာဗေး တစ်လွှတ်တော် အမတ် အာဘတ်ပါယီ ဇာဒက် ကပြောသည်။

ထို့ပြင် အီရန်နိုင်ငံ အနေဖြင့် ရင်ဆိုင်နေရသည့် စီးပွားရေး စိန်ခေါ်မှု များအပေါ် အစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းရန် အီရန်လွှတ်တော်က ပြင်ဆင်ထားသည်။ အီရန်သမ္မတ ဟက်ဆန်ရူဟာနီ အနေဖြင့် အချိန်တစ်လအတွင်း ထိုမေးခွန်းများကို ပြန်ဖြေရမည် ဖြစ်ကြောင်း ISNA သတင်းဌာနက ဖော်ပြထားသည်။

အစိုးရ အဖွဲ့ဝင်များ အနေဖြင့်လည်း နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် ပတ်သက်၍ လွှတ်တော်သို့ အကြောင်းပြချက် ပေးရမည် ဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နျူကလီးယား သဘောတူ စာချုပ်မှ နုတ်ထွက်ကာ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်မည်ဟု ကြေညာခဲ့သည့် မေလမှစ၍ အီရန်နိုင်ငံ၏ စီးပွားရေး ကျဆင်းလာခြင်း ဖြစ်သည်။

ထို့နောက် အမေရိကန်က အီရန်အပေါ် ပထမအဆင့်အရေးယူ ပိတ်ဆို့မှုကို ယခုလအတွင်း ပြဋ္ဌာန်းလိုက်သည်။ ဒုတိယအဆင့် အရေးယူ ပိတ်ဆို့မှု ကိုမူ မကြာမီ ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Ref: Sputnik