ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ကို အီတလီ ကမ်းပေါ်တက်ခွင့်ပေး

ရွှေ့ပြောင်းနေထိုင်သူများ အီတလီကမ်းခြေစောင့်သင်္ဘောပေါ်မှ ဆင်းလာကြစဉ် (Antonio Parrinello/REUTERS)

အီတလီဟာ စစ္စလီဆိပ်ကမ်းမှာ ငါးရက်ကြာ ဆိုက်ကပ်ထားတဲ့ ကယ်ဆယ်ရေး သင်္ဘောပေါ်က ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ကို သြဂုတ် ၂၆ ရက်က ကမ်းပေါ်တက်ခွင့် ပေးလိုက်ပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီရွှေ့ပြောင်းနေထိုင်သူတွေထဲက တချို့ကို လက်မခံသေးသရွေ့ ကမ်းပေါ်တက်ခွင့်ကို အီတလီအစိုးရက ငြင်းဆိုခဲ့တာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ကာတာနီးယား ဆိပ်ကမ်းမှာ သြဂုတ် ၂၀ ရက်ကတည်းက သောင်တင်နေတာပါ။

အီရစ်ထရီးယားနိုင်ငံသား အများစုပါတဲ့ ရွှေ့ပြောင်း ၁၃၇ ဦးကို စစ္စလီကျွန်းပေါ်မှာရှိတဲ့ မက်ဆီနာမြို့က ရွှေ့ပြောင်းလက်ခံရေးစခန်းကို သက်ဆိုင်ရာက ခေါ်သွားပြီဖြစ်ပါတယ်။

အဲဒီကနေတဆင့် သူတို့ကို အိုင်ယာလန်နဲ့ အယ်လ်ဘေးနီးယားနိုင်ငံတွေဆီ လွှဲပြောင်းမှာပါ။

ဒီမတိုင်ခင်တုန်းကတော့ ရွှေ့ပြောင်း ၁၃ ဦးဟာ ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်ထောက်ခံချက်နဲ့ ကမ်းပေါ်တက်နိုင်ခဲ့ပြီး ဂါရီဘယ်လ်ဒီဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။

အီတလီကမ်းခြေကို ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၂၀၁၄ ခုနှစ်ကတည်းကဆိုရင် ခြောက်သိန်းခွဲကျော်အထိ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ရွှေ့ပြောင်းနေထိုင်သူ ဝင်ရောက်မှု သိသိသာသာ ကျဆင်းခဲ့ပေမယ့် ရွှေ့ပြောင်းတွေကို အီးယူအဖွဲ့ဝင်တွေက လက်မခံဘူးဆိုရင် ဘယ်ကယ်ဆယ်ရေးသင်္ဘောကိုမှ ကမ်းကပ်ခွင့် မပေးဘူးလို့ အီတလီအစိုးရက ပြောထားပါတယ်။

DVB