ချယ်လ်ဆီးအသင်းကို ရောင်းချရန် ပိုင်ရှင်မိုဗစ်ခ်ျစီစဉ်နေ ရိန်နီဂရု(ပ်)ဘဏ်မှ တန်ကြေးပေါင် ၂ဘီလီယံ သတ်မှတ်

ချယ်လ်ဆီးအသင်းပိုင်ရှင် မိုဗစ်ခ်ျသည် အသင်းကို ရောင်းထုတ်ရန် စီစဉ်နေပြီး နယူးယောက်ရှိ ဘဏ်လုပ်ငန်း အဖွဲ့အစည်း ဖြစ်သော ရိန်နီဂရု(ပ်)သို့ အကြံတောင်းကာ အသင်းတန်ကြေးကို ဈေးဖြတ်ခိုင်းရာတွင် ပေါင် ၂ ဘီလီယံ ဖြင့် ဈေးဖြတ်ခဲ့ကြောင်း ဆန်းဒေးတိုင်း(မ်) သတင်းစာက ဖော်ပြသွားသည်။

ရုရှား သူဌေး မိုဗစ်ခ်ျသည် ချယ်လ်ဆီး အသင်းကို ၂၀၀၃ ခုနှစ်က ပေါင်သန်း ၁၄၀ ဖြင့် ၀ယ်ယူခဲ့ပြီး ချယ်လ် ဆီးရရှိခဲ့သော ပရီးမီးယားလိဂ် ဆုဖလားခြောက်လုံးတွင် ငါးလုံးကို ၎င်းလက်ထက်အတွင်း ရယူနိုင်သလို ၂၀၁၂ ခုနှစ်က လန်ဒန်အသင်းများအနက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားရသည့် အသင်းအဖြစ် အောင်မြင်ခဲ့သည်။ သို့သော် နောက်ဆုံးသုံးနှစ်အတွင်း ချယ်လ်ဆီးမှာ နှစ်ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်မရတော့ဘဲ အသင်းမှ ပါရမီရှင်ကစားသမားများဖြစ်သော ဆာလက်ခ်ျ၊ ဒီဘရိုင်းနှင့် လူကာကူတို့ကို ယခင်နည်းပြများ ရောင်းထုတ်ခြင်းကြောင့် ဆုံးရှုံးခဲ့ရသည်။

လက်ရှိ ဘောလုံးလောကတွင် မန်စီးတီး နှင့် ပီအက်စ်ဂျီတို့၏ ဓနအင်အားကို ချယ်လ်ဆီးအသင်းသည် လိုက်မမီနိုင်တော့သည့် အနေအထားရောက်နေသလို ဗြိတိန် အစိုးရသည် ဆာလစ်ဘာရီ အဆိပ်ငွေ့ တိုက်ခိုက် ခံရမှုတွင် ရုရှားလက်ချက်ဖြစ်သည်ဟုဆိုကာ ရုရှားကို နိုင်ငံရေးပိတ်ဆို့မှုလုပ်ခြင်းကြောင့် မိုဗစ်ခ်ျ သည်လည်း ဗြိတိန်သို့ ပြည်ဝင်ခွင့် မရသည့်အတွက် အသင်းကို ရောင်းထုတ်ရန် နယူးယောက်ဘဏ် လုပ်ငန်းစုဖြစ်သော ရိန်နီဂရု(ပ်)ထံ ဈေးဖြတ်ခိုင်းခြင်းဖြစ်သည်ဟု သိရသည်။

ရိန်နီဂရု(ပ်)သည် မန်စီးတီးအသင်း ၂၀၁၅ ခုနှစ်က အသင်းရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ချိုင်းနားမီဒီယာ ကက်ပီတယ်ထံ ပေါင် ၂၆၅ သန်းဖြင့် ရောင်းချနိုင်ရန် အကြံပေးစီစဉ်နိုင်ခဲ့သည့်အဖွဲ့ဖြစ်သည်။ လက်ရှိတွင် ချယ်လ်ဆီးအသင်းသည် နည်းပြသစ်ဆာရီလက်အောက်၌ ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်နေပြီး မိုဗစ်ခ်ျသည်လည်း အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျကို တိုးချဲ့ပြင်ဆင်ရန်အတွက် ပေါင်သန်း ၅၀၀ ထုတ်သုံးရန် ဆုံးဖြတ်ထားသည်။

ချယ်လ်ဆီးသည် အဓိက တိုက်စစ်မှူး ဟာဇက်ကို ယခုအထိ စာချုပ်သက်တမ်းတိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Source: MWD