မြိတ်ခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ပါတီဗဟိုအတွင်းရေးမှူး တွေ့ဆုံပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေး
မြိတ်၊ သြဂုတ် ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးသည် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ရောက်ရှိပြီး မြိတ်ခရိုင်နှင့် ကျွန်းစု၊ မြိတ်၊ တနင်္သာရီမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများအား တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုး၊ မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေ၊ မြိတ်မြို့နယ်ဥက္ကဋ္ဌ ဦးမိုးမြင့်၊ တနင်္သာရီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်၊ ကျွန်းစုမြို့နယ်ပါတီဥက္ကဋ္ဌ ဦးငွေထွန်းနှင့်တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ နှင့် ရပ်/ကျေးပါတီ အမာခံစည်းရုံးရေးမှူးများ တက်ရောက်ကြပြီး ပါတီဗဟိုအတွင်းရေးမှူး၊ တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးက ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ပါတီဝင်များက ပါတီ၏လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုဆိုင်ရာ ကိစ္စရပ်များနှင့် အဆင့်ဆင့်နှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပါတီဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးက ပြန်လည် ရှင်းလင်းပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်လင်း(မြိတ်)