တောင်၊ မြောက် ကိုရီးယားခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ စက်တင်ဘာတွင် ကျင်းပမည်

ဆိုးလ် သြဂုတ် ၁၃

တောင်နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ပြုံယမ်း မြို့၌ စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း တနင်္လာနေ့က စစ်မဲ့ဇုန်တွင် ပြုလုပ်သည့် တောင်နှင့် မြောက်နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် သဘောတူညီချက်ရခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟတ်သတင်းအေဂျင်စီ တွင် ဖော်ပြထားသည်။

နှစ်ဖက်စလုံးမှ တောင်နှင့်မြောက် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ အတွင်းတွင် ကျင်းပရန် သဘောတူထားကြောင်း သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ယွန်ဟတ်သတင်းဌာနတွင် ဖော်ပြထားသည်။ သို့သော် အစည်းအဝေးကျင်းပမည့် တိကျသည့်အချိန်စာရင်းကိုမူ မသိရသေးပေ။ ဆယ်စုနှစ်တစ်ခုကျော်အတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းအနေဖြင့် မြောက်ကိုရီးယားမြို့တော်သို့ သွားရောက်သည်မှာ ပထမဦးဆုံး ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ မွန်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ဧပြီလအတွင်း ငြိမ်းချမ်းရေး ကျေးရွာဖြစ်သည့် ပန်မွန်ဂျုံကျေးရွာတွင် တွေ့ဆုံခဲ့စဉ်က သမ္မတ မွန်ဂျေအင်းအနေဖြင့် ပြုံယမ်းသို့ လာရောက်မည် ဟု သဘောတူခဲ့သည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သော နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တွင် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရီဆွန်ဂွမ်က ပြုံယမ်းမြို့တွင် ပြုလုပ်မည့် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမည့် အစည်းအဝေးအကြောင်း ဆွေးနွေး နေကြောင်း ပြည်သူလူထု၏ဆန္ဒအတိုင်း ဖြစ်လာမည်ဟုယူဆကြောင်း အဖွင့်စကားတွင် ပြောကြားခဲ့သည်။

ထို့အပြင် ကိုရီးယားစစ်ပွဲကာလအတွင်း ကွဲကွာသွားခဲ့ရသည့် မိသားစုဝင်များ ပြန်လည်တွေ့ဆုံပွဲကို လာမည့် အပတ်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး ယခုတစ်ကြိမ်မှာ သုံးနှစ်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

-Ref; AFP