တောင်အာရှ (၈)နိုင်ငံမှာ Facebook မှ တိုက်ရိုက်ထုတ်လွှင့်မယ့် လာလီဂါပွဲစဉ်များကို အခမဲ့ကြည့်ရှုနိုင်တော့မည်
လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ဟာ တောင်အာရှ (၈) နိုင်ငံမှာ စပိန်လာလီဂါပွဲစဉ်များကို လာမယ့် (၃)ရာသီကျော်အထိ တိုက်ရိုက်ထုတ်လွှင့်ပိုင်ခွင့် ရရှိခဲ့ပြီး ဒီနိုင်ငံတွေမှာရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူများ အနေနဲ့ လာလီဂါပွဲစဉ်များကို အခမဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်တယ်လို့ လာလီဂါလိဂ်က တနင်္လာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လာလီဂါနဲ့ Facebook တို့ရဲ့ သဘောတူညီချက်ဟာ သြဂုတ်လ ၁၇ ရက်၊ သောကြာနေ့မှာ စတင်မယ့် ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ ပထမနေ့မှာ စတင်မှာဖြစ်ပါတယ်။ Facebook နဲ့ လာလီဂါ နှစ်ဖက်လုံးက ဒီဝန်ဆောင်မှုအတွက် ပေးဆောင်ရမယ့်ငွေကြေးပမာဏကို အသိပေး ထုတ်ပြန်ကြေညာခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
“တောင်အာရှ (၈)နိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မော်လ်ဒိုက်၊ သီရလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံများရှိ Facebook အသုံးပြုသူများဟာ စပိန်လာလီဂါပွဲစဉ်ပေါင်း ၃၈၀ ကို အခမဲ့ကြည့်ရှုခွင့် ရပါလိမ့်မယ်။”လို့ လာလီဂါအဖွဲ့အစည်းက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
ပွဲစဉ်အားလုံးကို လာလီဂါရဲ့ တရားဝင် Facebook page မှာ အခမဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်သလို လာလီဂါ ကလပ်အသင်းတစ်သင်းချင်းစီရဲ့ စာမျက်နှာများမှာလည်း ဝင်ရောက်ကြည်ရှုနိုင်မှာဖြစ်ပြီး Facebook အသုံးပြုသူများအနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို follow လုပ်နိုင်မှာဖြစ်ပါတယ်။
“ဒီသဘောတူညီချက်ဟာ အားကစားပြိုင်ပွဲတွေရဲ့ ရုပ်သံထုတ်လွှင့်မှုမှာ ခေတ်သစ်တစ်ခုရဲ့ ခြေလှမ်းစတင်မှုဖြစ်ပြီး လာလီဂါနဲ့ ၎င်းရဲ့ ကလပ်အသင်းများကို အရင်ကထက် ပရိသတ်တွေနဲ့ ပိုမိုနီးစပ်စေမှာဖြစ်ပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Ref; EFE-EPA