ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် ဇလွန်မြို့နယ် ကျုံခမွန်ကျောင်း တိုက်တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ဇလွန်၊ သြဂုတ် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ဇလွန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်နှင့် ကော်မတီဝင် များနှင့်အတူ ယခုလ ၃ ရက်ညနေ ၄ နာရီတွင် ဇလွန်မြို့ ကျုံခမွန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မအား ဝါဆိုသင်္ကန်းဆက်ကပ်ပြီး ဆရာတော်သံဃာတော်များနှင့် ဥပုသ်သည်များ၊ တရားစခန်း ဝင်ရောက်နေသည့် ယောဂီများအား အချိုရည်များ ဆက်ကပ်လှူဒါန်းသည်။ လှူဒါန်းပွဲအပြီးတွင် ကျောင်းထိုင်ဆရာတော်က ရှေးနှစ် ပေါင်း ၁ဝဝ ကျော်ကတည်းက တည်ဆောက်ခဲ့သည့်ဘုရား၊ စေတီ၊ ကျောင်း၊ ကန်များ ဆက်လက် ထိန်းသိမ်း ထားရှိမှု၊ ဝါတွင်းဝါပ တရားစခန်းများ ဖွင့်လှစ်နိုင်မှု၊ ပွင့်လင်းရာသီတွင် ကျောင်းအဝင် မုခ်ဦးမှ ဟင်္သာတ – ဇလွန် လမ်းမကြီးသို့ ဆက်သွယ်မည့် လမ်းသစ်ဖောက်လုပ်ရန် လျာထားစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံပြသခဲ့ပါသည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ဓမ္မာရုံအတွင်း၌ ဒေသခံများနှင့်တွေ့ဆုံပြီး လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လူမှုစီးပွားအခြေအနေ၊ ယခင်နှင့်ယခု မြေပြင်အခြေအနေ၊ လတ်တလော ဖြစ်ပေါ်နေသည့် သီးနှံဈေးနှုန်းများအနက် ဆန်စပါးဈေးနှုန်းသည် တည်ငြိမ်ပြီး တက်ရိပ်ရှိသဖြင့် မိမိတို့စိုက်ပျိုးထား ရှိပြီးဖြစ်သည့် စပါးခင်းများကို အထွက်နှုန်းကောင်းမွန်အောင် ထိုက်သင့်သည့် သွင်းအားစုများထုတ်၍ အပင်ပြုစု စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ပဲခူး၊ စစ်တောင်း၊ သံလွင်မြစ်တို့နှင့် ဆက်စပ်နေသည့် ပဲခူး၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ မော်လမြိုင်၊ ဘားအံ စသည့်ဒေသများတွင် ရေကြီးရေလျှံမှုများကြောင့် မိုးစပါး အပါအဝင် စိုက်ပျိုးသီးနှံများ အများအပြား ထိခိုက်ခံခဲ့ရပါသဖြင့် သဘာဝဘေးမှလွတ်သည့် မိမိတို့ဒေသမှ သီးနှံများ ပိုမိုထွက်ရှိအောင် ပြုစုစောင့်ရှောက်ခြင်းဖြင့် နိုင်ငံ့ရိက္ခာ ဖြည့်တင်းပေးရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းတင်ပြပါသည်။

တက်ရောက်လာသည့် ဒေသခံတောင်သူများက ဆောင်းရာသီတွင် မည်သည့်သီးနှံများကို ဦးစားပေး စိုက်ရန်သင့် ကြောင်း အကြံပြုပေးပါရန် မေးမြန်းခဲ့ရာ မြို့နယ်ဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်က ရန်ကုန်တိုင်းဒေသကြီး ခရမ်း၊ သုံးခွ ဒေသတွင် အထူးအောင်မြင်သည့် ပဲတီစိမ်း၊ ပဲတီရွှေဝါမျိုးများကို ပြောင်းလဲစိုက်နိုင်ရန် အညာဒေသတွင် မျိုးပဲရရှိ ရေး ချိတ်ဆက်ဆောင်ရွက်ထားပါကြောင်း ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

USA