ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုအသစ် ထပ်ဖြစ်ကြောင်း ကြေညာ

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုအသစ် ထပ်ဖြစ်တယ်လို့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက သြဂုတ် ၁ ရက်နေ့မှာ ကြေညာပါတယ်။

လူ ၃၃ ဦး သေဆုံးခဲ့ရတဲ့ လတ်တလော ကူးစက်မှုတွေ အဆုံးသတ်ပြီလို့ ကြေညာအပြီး ရက်ပိုင်းအတွင်း တကျော့ပြန် ကူးစက်ခဲ့တာပါ။

နိုင်ငံအရှေ့မြောက်ပိုင်းက နော့သ် ကီဗူးခရိုင်ထဲမှာ လူလေးဦး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရတယ်၊ နိုင်ငံအနောက်မြောက်ပိုင်းက အီဘိုလာ ကူးစက်မှုနဲ့ ပတ်သက်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ကွန်ဂို ကျန်းမာရေးဝန်ကြီးက သြဂုတ် ၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကွန်ဂိုနဲ့ နယ်စပ်တဖက်ခြမ်း ယူဂန်ဒါနိုင်ငံထဲက မန်ဂီနာမြို့ ဝန်းကျင်မှာ လူ ၂၆ ဦး အီဘိုလာ ကူးစက်ခံရအပြီး အယောက် ၂ဝ သေဆုံးခဲ့လို့ နော့သ်ကီဗူးခရိုင် အာဏာပိုင်တွေက ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာနကို ဇူလိုင် ၂၈ ရက်က တပ်လှန့်ခဲ့ပါတယ်။

ဒါကြောင့် ဆေးရုံလူနာတွေဆီက သွေးနမူနာ ၆ ခုကို စစ်ဆေးရာက ၄ ခုမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရတာ တွေ့ခဲ့ပါတယ်။

ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင် ၁၂ ယောက်ပါတဲ့ အဖွဲ့က ကူးစက်ခံ ဒေသကို ဒီကနေ့ ရောက်လာပြီး အခြေအနေကို တုံ့ပြန်သွားမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဒေသတွင်း ခရီးသွားမှု ကန့်သတ်ချက်ကိုလည်း အကောင်အထည် ဖော်ထားပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဟာ အပူလွန် အဖျားရောဂါကို ဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါတွေ၊ နား၊ ပါးစပ်နဲ့ မျက်စိတို့ကနေ သွေးထွက် သေဆုံးစေတာပါ။

ကူးစက်ခံရသူ ပျမ်းမျှ ၅ဝ ရာခိုင်နှုန်း သေဆုံးလေ့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ပြောထားပါတယ်။

-Ref: DVB News