အလံဒီဇိုင်းကို ခိုးမချသင့်ဟု ဩစတြေးလျကို နယူးဇီလန် ဝန်ကြီးချုပ် ဝေဖန်

ဩစတြေးလျ အနေဖြင့် မိမိတို့၏ အလံကို ပုံတူကူးနေခြင်းမှ ရပ်တန့်သင့်ပြီဟု နယူးဇီလန် ဝန်ကြီးချုပ်က ဝေဖန် ပြောကြားလိုက်သည်။
နယူးဇီလန်၏ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဝင်စတန် ပီတာစ်က အိမ်နီးချင်း နိုင်ငံ အနေဖြင့် ကွဲပြားသော အလံဒီဇိုင်းတစ်ခုကို အသုံးပြုသင့်ပြီဟု ဆိုသည်။ ဩစတြေးလျနှင့် နယူးဇီလန် အလံများမှာ ယူနီယံဂျက် သင်္ကေတကို အခြေပြုသည့် နောက်ခံ အပြာရောင် ဒီဇိုင်းများဖြင့် အလွန်နီးစပ် ဆင်တူနေကြသည်။

“ကျွန်တော်တို့က ကိုယ်ပိုင်အလံကို အကြာကြီး အသုံးပြုခဲ့တာပါ။ ဩစတြေးလျက ဒါကို ပုံတူ လိုက်ကူးထားတာပဲ”ဟု ပီတာစ်က ဆိုသည်။ ၎င်းက “ဩစတြေးလျဟာ အလံ ပြောင်းသုံးသင့်ပါပြီ။ အခုဒီဇိုင်းကို ကျွန်တော်တို့ စသုံးခဲ့တာပါ။ ဒါကို သူတို့ တန်ဖိုးထား လေးစားပေးသင့်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ပီတာစ်သည် မီးဖွားခွင့် ယူထားသော ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်းအစား ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသူ ဖြစ်သည်။

နိုင်ငံနှစ်ခု၏ အလံများမှာ အမှန်တကယ် ဆင်တူပြီး နယူးဇီလန် အလံမှ ကြယ်များက အနီရောင်ဖြစ်ကာ ဩစတြေးလျက အဖြူရောင် ဒီဇိုင်းကို သုံးထားသည်။ ထို့အပြင် ဩစတြေးလျ အလံတွင် ကြယ်တစ်လုံး ပိုများသည်။ 

နယူးဇီလန်သည် လက်ရှိ အလံကို ၁၉၀၂ ကတည်းက အသုံးပြုခဲ့ပြီး ဩစတြေးလျ၏ အလံကမူ ၁၉၅၄ တွင် စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ 

နယူးဇီလန်သည် အလံဒီဇိုင်းကို ပြောင်းလဲရန် ၂၀၁၆ က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခု ကျင်းပခဲ့ဖူးသည်။ ထိုစဉ်က ဖန်းသစ်ပင်၏ အရွက်ကို အခြေပြုသော အလံဒီဇိုင်းသစ်နှင့် လက်ရှိအလံ မည်သည်ကို အသုံးပြုရန် ပြည်သူများ စုပေါင်း မဲပေးခဲ့ကြပြီး လက်ရှိ ဒီဇိုင်းကို ဆက်သုံးလိုသောဖက်က မဲအသာဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

Ref: CNN