ဘယ်လ်ဂျီယံလူငယ်အသင်းနည်းပြကို မြန်မာအသင်း နည်းစနစ်ဒါရိုက်တာခန့်အပ်ရန်စီစဉ်

ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်စသည့် နာမည်ကျော် ဘောလုံးကစားသမားများ မွေး ထုတ်ပေးခဲ့သည့် ဘယ်လ်ဂျီယံ လူငယ်အသင်းနည်းပြ အဲရစ်အပ်ရမ်ကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
အဆိုပါ သြစတြေးလျလူမျိုး အဲရစ်အပ်ရမ်ကို လာမည့် စက်တင်ဘာတွင် အနည်းဆုံး ၂ နှစ် စာချုပ်ဖြင့် ခန့်အပ်ရန် စီစဉ်ထား ကြောင်း၎င်းကပြောသည်။

‘‘နည်းစနစ်ဒါရိုက်တာဆို တာက လက်ရွေးစင်အသင်းတစ် ခုတည်း မဟုတ်ပါဘူး။ လက်ရွေးစင်နဲ့ ပတ်သက်တဲ့ အသင်းအားလုံးတွေအတွက် အဓိကနေရာမှာရှိတဲ့သူပါ။ မြန်မာ့လက်ရွေးစင်အ သင်းတွေရဲ့ နည်းစနစ်ပိုင်းတွေ အကြံပေးမယ်။ နည်းပြတွေကို သင်တန်းတွေ ပေးမယ်။ ကျွန် တို့မှာရှိတဲ့ အနေအထားကို အဆင့်မြှင့်ပေးရမှာပါ။ အဲရစ်က သြစတြေးလျမှာ မှတ်တမ်းကောင်း ရှိတဲ့သူပါ။ သြစတြေးလျအမျိုး သမီးအသင်းဆိုလည်း အာရှမှာ တောင့်တင်းတဲ့ အသင်းပါ။ သူတို့ လုပ်နေတဲ့ လူငယ်ဖွံ့ဖြိုးရေးကလည်း အရမ်းကောင်းတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံ လူငယ်အသင်းတုန်းကလည်း နာမည်ကြီး ကစားသမားတွေ မွေးထုတ်ပေးခဲ့ဖူးပါတယ်။ ဒါတွေကြောင့် ရွေးချယ်ခန့်အပ်ဖို့ စီစဉ်ခဲ့တာပါ’’ဟု ၎င်းက ပြောသည်။

အသက် (၄၄) နှစ်အရွယ် အဲရစ်အပ်ရမ်သည် ၂၀၀၂ မှ ၂၀၁၃ အထိ ဘယ်လ်ဂျီယံ ယူ-၁၅၊ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းများကို နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ ၎င်း နည်းပြစဉ်ကာလအတွင်း ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်၊ ကော့တွိုက်စ်စသည့် နာမည်ကြီးကစားသမားများကို ဘယ်လ်ဂျီယံ လူငယ်လက်ရွေးစင် အသင်းက မွေးထုတ်ပေးခဲ့သည်။

ထို့အပြင် အဲရစ်အပ်ရမ်သည် ၂၀၁၃-၁၄ တွင် ဆော်ဒီကလပ် အယ်ဟာလီယူ-၁၅ အသင်းကို ဆော်ဒီဘုရင့်ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည်။

7Days