မေ၀ယ်လ်သာနဲ့ တစ်ကျော့ပြန် ထိုးသတ်ဖို့ ဆန္ဒရှိနေတဲ့ ပက်ကွီအို

အသက် (၃၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ကွီအိုဟာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ၀ယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်သူ လူးကပ်စ်မက်သီစီကို (၇)ချီမြောက်မှာ အလဲထိုးအနိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲတွေနဲ့ တစ်နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ပက်ကွီအိုဟာ ပွဲချိန်အ စောပိုင်းမှာပဲ အသာစီးရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးလောကထဲ ၀င်ရောက်ခဲ့ပြီး ဖိလစ်ပိုင်မှာ ဆီနိတ်တာအမတ်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ပက်ကွီအိုဟာ လက်ဝှေ့လောကကို ကျောခိုင်းခဲ့ပြီလို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီသတင်းတွေကို ပက်ကွီအိုက ငြင်းဆန်ကပယ်ချခဲ့ပြီး သူ့အနေနဲ့ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ ဆက်လက်ရှင်သန်နေဦးမှာ ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ခြေအနုတ်အသိမ်း မြန်ဆန်မှု၊ လျှင်မြန်မှု နဲ့ ပြင်းထန်အားပါတဲ့ လက်သီးထိုးချက်တွေနဲ့ အောင်ပွဲရယူလေ့ရှိတဲ့ ပက်ကွီအိုဟာ ဒီနှစ်အတွင်းမှာ အာမီခန်းနဲ့ ထိုးသတ်ဖို့ ရည်ရွယ်နေပါတယ်။ လာမယ့် ဒီဇင်ဘာမှာ အသက် (၄၀) ပြည့်မြောက်တော့မယ် ပက်ကွီအိုအတွက် အာမီခန်းဟာ ငယ်ရွယ်နုပျိုတဲ့ ပြိုင်ဘက်တစ်ယောက်အဖြစ် ရှိနေခဲ့ပါတယ်။

လက်ဝှေ့သမားဘ၀တစ်လျှောက် (၆၉)ပွဲအထိ ထိုးသတ်ခဲ့ပြီးပြီဖြစ်တဲ့ ပက်ကွီအိုဟာ ပွဲပေါင်း (၆၀)အထိ နိုင်ပွဲရရှိခဲ့ပြီး (၇)ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ အာမီခန်းနဲ့ပွဲကို ဒီဇင်ဘာလအတွင်းမှာ ထိုးသတ်နိုင်ဖို့အတွက် ပက်ကွီအိုဘက်က အထူးမျှော်လင့်နေပြီး အာမီခန်းကို အနိုင်ရရှိခဲ့ပြီးပါက မေ၀ယ်လ်သာနဲ့ ဒုတိယအကြိမ်မြောက် ထိုးသတ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ပက်ကွီအို နဲ့ မေ၀ယ်သာတို့ဟာ ၂၀၁၅ ခုနှစ်၊ မေလ (၂)ရက်နေ့က အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂက်စ်မှာ ထိုးသတ်ခဲ့ကြပြီး (၁၂)ချီအတွင်း အလဲမထိုးနိုင်ခဲ့ပဲ ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်ကြောင့် မေ၀ယ်သာက အနိုင်ရရှိသွားခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်အဖြစ် လူပြောများခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပက်ကွီအိုဟာ မေ၀ယ်သာကို တောက်လျှောက်တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် မေ၀ယ်သာရဲ့ ပါးနပ်တဲ့ ထိုးသတ်မှုကြောင့် အရေးနိမ့်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ကစားသမားဘ၀ကနေ အနားယူနေတဲ့ မေ၀ယ်သာဟာ ပွဲပေါင်း (၅၀)အထိ ထိုးသတ်ထားပြီး ပွဲ (၅၀)လုံးကို အနိုင်ရရှိကာ ရှုံးပွဲမရှိစံချိန် ရယူထားပါတယ်။ ဒါ့အပြင် မေ၀ယ်သာဟာ ၀ိတ်တန်း (၅)ခုရဲ့ ပြိုင်ဘက်မရှိ ချန်ပီယံအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Duwun