အကြမ်းဖက်မှုများ လုပ်ဆောင်ရန် အတွက် အီရန်က သံရုံးများကို အသုံးချနေဟု အမေရိကန်စွပ်စွဲ

ဝါရှင်တန် ဇူလိုင် ၁၁ ဥရောပ၌ မကြာသေးမီက အကြမ်းဖက် လှုပ်ရှားမှုများနှင့်ဆက်စပ်နေသည့် အီရန် သံတမန် တစ်ဦး ဖမ်းဆီးခံရ မှုသည် အီရန်က အကြမ်းဖက်မှုများ လုပ်ဆောင်ရန်အတွက် သံရုံးများကို အသုံးချနေသည် ဟူသော ဥပမာ တစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက စွပ်စွဲ ပြောဆိုလိုက်သည်။

ဥရောပ၌ ၁၉၈၄ ခုနှစ်မှစ၍ ယခုအထိ အီရန်အစိုးရကလုပ်ဆောင်နေသော အရာများကိုကြည့်ရှုကာ နိုင်ငံများ အားလုံး အနေဖြင့် အီရန်၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရေး သတိရှိရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ အကြမ်းဖက် ပူးပေါင်းကြံစည် ရန်ပြင်ဆင်မှုဖြင့် အီရန်နိုင်ငံ သားများကို ဖမ်းဆီးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇူလိုင်၁၀ ရက် အစောပိုင်းတွင်ပြောသည်။

ထို့ပြင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်မှ အီရန်သံတမန် တစ်ဦးသည် ဇွန် ၃၀ ရက်တွင် ပြင်သစ်နိုင်ငံရှိ အီရန် အတိုက်ခံ အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ရန် ပူးပေါင်း ကြံစည်မှုတွင် ပါဝင်သည်ဟု စွပ်စွဲ ခံထားရသည်။ အလားတူ အီရန်နိုင်ငံက ဥရောပရှိ အီရန် သံရုံးများ၏ အပြင်ဘက်၌ အကြမ်းဖက်မှုနှင့် လျှို့ဝှက် လုပ်ဆောင်မှုတို့ ကို ပူးပေါင်းကြံစည် နေသည်ဟူသော သံသယများ ထွက်ပေါ်နေစဉ် အီရန် သံတမန်နှစ်ဦးကို နယ်သာလန် အစိုးရက နိုင်ငံအတွင်းမှ နှင်ထုတ်လိုက်ကြောင်း သတင်း မီဒီယာများက ဇူလိုင် ၆ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံများ အားလုံးအနေဖြင့် အီရန်အစိုးရ၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရန် အတွက် သတိရှိစွာ နေရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် လုံခြုံရေးနှင့် ပတ်သက်၍ မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်ရန် အမေရိကန် အစိုးရက တိုက်တွန်း ထားကြောင်း သိရသည်။

Source: MWD