စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တောင်ကိုရီးယား သမ္မတမွန်းတို့ စင်ကာပူနိုင်ငံတွင် တွေ့ဆုံ
စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းနှင့် စင်ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယား သမ္မတ မွန်းဂျယ်အင်းတို့ ဇူလိုင် ၁၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
လွန်ခဲ့သောလက ကျင်းပခဲ့သည့် အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးသည် ကိုရီးယား ကျွန်းဆွယ်အရေးနှင့်ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများအတွက် အပြုသဘောေ ဆာင်သော ရလဒ်များ ထွက်ပေါ်စေရန် ကူညီထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်မိ ပါကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြားခဲ့သည်။
တွေ့ဆုံပွဲပြီးနောက် ဝန်ကြီးချုပ်လီရှန်လွန်းနှင့် သမ္မတမွန်းတို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
သမိုင်းတွင်စေသည့် အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို စင်ကာပူနိုင်ငံတွင် လွန်ခဲ့သောလက အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး သမ္မတမွန်းက ဝန်ကြီးချုပ် လီရှန်လွန်းအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ် ဒေသတွင်း ငြိမ်းချမ်းရေးရရှိစေရန် ကူညီထောက်ပံ့ ပေးခဲ့သည့် စင်ကာပူနိုင်ငံဝန်ကြီးချုပ်အပါအဝင် စင်ကာပူ ပြည်သူပြည်သားများအား ကျေးဇူးတင်ရှိပါကြောင်း သမ္မတ မွန်းက ဆိုသည်။
ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန် လာစေရန် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် သမ္မတ မွန်းအား ဝန်ကြီးချုပ်လီရှန်လွန်းက ချီးကျူးထောမနာပြု ခဲ့သည်။ ထို့ပြင် ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဝန်ကြီးချုပ်လီက အကြံပြုပြောကြားခဲ့သည်။
အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီး အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် ကူညီ ထောက်ပံ့ ပေးခဲ့ရခြင်းအပေါ် ဝမ်းသာပီတိဖြစ်မိပါ ကြောင်း ဝန်ကြီးချုပ်လီက ဆက်လက်ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ