ဂူအတွင်းပိတ်မိနေသော ကလေးငယ်များကို ကယ်ထုတ်ရန် မည်မျှကြာမည်ကို အသေအချာ မသိနိုင်သေးကြောင်း ထိုင်းအာဏာပိုင်များက ပြော
ဘန်ကောက် ၊ ဇူလိုင် ၅ ရက်
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း ပိတ်မိနေသည့် ကလေးငယ် ၁၃ ဦးကို ဘေးအန္တရာယ်ကင်းစွာ ဂူပြင်သို့ ကယ်ထုတ်ရန် အချိန်မည်မျှကြာအုံးမည်ကို မည်သူမျှ မသိနိုင်သေးကြောင်း ဇူလိုင် ၄ ရက်တွင် ထိုင်းအစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်းရှိ ဘောလုံးသမားကလေးငယ် ၁၂ ဦး နှင့် အသက် ၂၅ နှစ်အရွယ် နည်းပြ ဖြစ်သူတို့ မှာ ဘန်ကောက်မြို့ မှ မြောက်ပိုင်း ၈၆ဝ ကီလိုမီတာအကွာရှိ ချင်းရိုင်ပြည်နယ် မဲဆိုင်ခရိုင်အတွင်းရှိ Tham Luang Khun ဂူအတွင်း ဇွန် ၂၃ ရက် မှ စတင်ပိတ်မိနေခဲ့ပြီးနောက် ၄င်းတို့ အား ကယ်ထုတ်ရန် လမ်းကြောင်းအစီအစဉ်များ နှင့် ကယ်ဆယ်ရေးကိရိယာများကို ကယ်ဆယ်ရေးသမားများက ပြင်ဆင်နေခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံမှ ရေငုပ်ကျွမ်းကျင်အဖွဲ့ တစ်ခုသည် ဂူအတွင်း ရေစီးသန်သည့် နေရာတစ်ခုတွင် သုံးကီလိုမီတာ အနက်ကို ရေငုပ်ဖြတ်ကျော်ပြီးနောက် ကလေးငယ်များအား အသက်ရှင်လျက် ဘေးကင်းစွာ ရှာဖွေတွေ့ ရှိခဲ့ကြောင်း ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Narongsak Osotthanakorn က ဆိုသည်။
သို့သော် ကယ်ဆယ်ရေးသမားများက ကလေးငယ်များကို ဘေးကင်းစွာ ကယ်ထုတ်ရန် အချိန်မည်မျှ ကြာအုံးမည်ကို မခန့်မှန်းနိုင်သေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ကလေးငယ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မည်သည့် စွန့် စားမှုမျိုးကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ဆိုသည်။
ရေတပ်အထူးတပ်ဖွဲ့ ရေငုပ်သမားများ နှင့် ဆေးဝန်ထမ်းများသည် ရေမြုပ်နေသော ဂူအတွင်း ကုန်းမြေတစ်ခုပေါ်၌ ပင်ပန်းနွမ်းနယ်နေပုံရသော ကလေးငယ်များကို ရေ ၊ ဆေးဝါး နှင့် လိုအပ်သော ထောက်ပံ့မှုများကို အနီးကပ် လုပ်ဆောင်ပေးခဲ့သည်။
ကလေးများအား ဘေးကင်းစွာ ကယ်ထုတ်ရန်မှာ အခက်အခဲများစွာ ရှိနေသည့်အတွက် ၄င်းတို့ အနေဖြင့် အချိန်မည်မျှယူရအုံးမည်ကို မပြောနိုင်သေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
ဂူအတွင်းစောင့်ဆိုင်းနေစဉ်ကာလအတွင်း ထိုင်းရေတပ်အထူးတပ်ဖွဲ့ က ကလေးငယ်များကို ကယ်ဆယ်ရေး အစီအစဉ်အတွက် အောက်ဆီဂျင်ပိုက်တပ်မျက်နှာဖုံးများကို အသုံးပြု၍ ရေငုပ်နည်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
(Xinhua)