အမေရိကန်၏ဖိအားကြောင့် NATO တပ်ဖွဲ့ ပြိုကွဲနိုင်ဖွယ်ရှိဟုဆို
အမေရိကန်အစိုးရ၏ ကြီးမားသော ဖိအားပေးမှုကြောင့် NATO တပ်ဖွဲ့ ပြိုကွဲနိုင်ဖွယ်ရှိသည်ဟု ဥရောပ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက် ကပြောသည်။ ဥရောပသမဂ္ဂအနေဖြင့် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ပြီး အမေရိကန်ပြည်ထောင်စု အပေါ် မမှီခိုဘဲ သီးခြားရပ်တည်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမေရိကန် အစိုးရ၏ကြီးမား သော ဖိအားများကြောင့် NATO တပ်ဖွဲ့ပြိုကွဲမည်ကို စိုးရိမ်ရကြောင်း ဒေါ်နယ်တက်က ဇွန် ၂၉ ရက်တွင်ပြောခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန်အစိုးရ၏ မူဝါဒများကြောင့် ဥရောပနှင့် အမေရိကန်တို့အကြား ဆက်ဆံမှုများနှင့် အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုများသည် ဖိအားပေးခြင်းခံနေရကြောင်း ၎င်းကဆက်ပြောသည်။ အကယ်၍ ကုန်သွယ်ရေး ကဏ္ဍကိုကျော်လွန်ကာ သဘောထားကွဲလွဲလာမည်ဆိုပါက NATO တပ်ဖွဲ့အနေဖြင့် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထား ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
NATO တပ်ဖွဲ့သည် အမေရိကန်ပြည်ထောင်စုအတွက် အကုန်အကျများပြားစေသည့် မြောက် အတ္တလန္တိတ် လွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့ကဲ့သို့ပင်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုလ အစောပိုင်း တွင် ကျင်းပသည့် G7 ထိပ်သီး ဆွေးနွေးပွဲ၌ ပြောသည်။ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေးနှင့် ပတ်သက်၍ ထရမ့်က NATO တပ်ဖွဲ့ဝင် နိုင်ငံများ သို့တောင်းဆိုထားပြီး ဂျာမနီ၊ စပိန်နှင့် ပြင်သစ်နိုင်ငံတို့အနေဖြင့် ထိုတပ်ဖွဲ့အတွက် ကာကွယ် ရေးအသုံးစရိတ် ကိုပိုမိုသုံးစွဲရန် တိုက်တွန်းထားသည်။ ထရမ့်၏ ပြောဆိုမှုကြောင့် လာမည့် လတွင်ကျင်းပ မည့် NATO တပ်ဖွဲ့ထိပ်သီး ဆွေးနွေးပွဲ၌ အမေရိကန် အစိုးရအနေဖြင့် ကာကွယ်ရေး ရန်ပုံငွေပေးအပ်နေမှု ရပ်တန့်မည်ကို ဥရောပခေါင်းဆောင်များက စိုးရိမ်လျက်ရှိ သည်။
ထို့ပြင် ဥရောပခေါင်းဆောင်များသည် အမေရိကန် အပေါ်မှီခိုနေခြင်းကို လျှော့ချရေး၊ NATO တပ်ဖွဲ့၏ ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ရေး၊ အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ အပူတပြင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
MWD