၂၁ ပင်လုံညီလာခံသို့ ‘ဝ’နှင့် KIO အပါအဝင် မြောက်ပိုင်းလေးဖွဲ့ကို ဖိတ်ကြားမည်
၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ များအနက် ‘ဝ’၊ မိုင်းလား၊ KIO နှင့် SSPP/SSA အဖွဲ့များကို ဖိတ်ကြားမည်ဖြစ်ပြီး တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့သုံးဖွဲ့ကို ဖိတ်ကြားခြင်း ပြု၊ မပြု အစိုးရနှင့် တပ်မတော် ညှိနှိုင်းမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၅ ရက်က နေပြည်တော်၌ ကျင်းပရာ လက်မှတ်မထိုးရသေးသည့် အဖွဲ့များအား ညီလာခံသို့ ဖိတ်ကြားရေး ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့သည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာ ချုပ်(NCA) မထိုးရသေးသည့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့အနက် အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် နှစ်ဦး နှစ်ဖက်စာချုပ်များချုပ်ဆိုထားသည့် ‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့(NDAA)၊ ကချင်အဖွဲ့ (KIA)၊ ရှမ်းအဖွဲ့(SSPP) ကို ဖိတ်ကြားမည်ဟု ဦးဇော်ဌေးက ပြောသည်။ ‘‘ဟိုသုံးဖွဲ့ (TNLA, AA နှင့် MNDAA) မှာတော့ ထပ်ပြီးတော့ ညှိဖို့ရှိသေးတယ်။ အဲဒီသုံးဖွဲ့နဲ့ ပတ်သက်ပြီး ဘယ်လိုလာ မလဲဆိုတာကတော့ ကျွန်တော်တို့အတိ အကျတော့ မပြောနိုင်သေးဘူး။ ဒီသုံးဖွဲ့ကိစ္စကို အစိုးရနဲ့ တပ်မတော်နဲ့ ညှိပြီးတော့ သုံးဖွဲ့စလုံး ဖိတ်မလား၊ မဖိတ်ဘူးလား။
ဒါ လေးတွေ အတည်ပြုဖို့ရှိပါတယ်။ သို့သော် မူအားဖြင့်တော့ ကျွန်တော်တို့က ဒီညီလာခံက အားလုံးပါဝင်ဖို့ မှန်းတဲ့အတွက် အားလုံးပါဝင်ရေးမူနဲ့ပဲ ချဉ်းကပ်တယ်။ သို့သော် နောက်ဆုံး အတည်ပြုချက် ကတော့ ထပ်ပြီး လုပ်ဖို့လိုတယ်’’ ဟု ဦးဇော်ဌေးကပြောသည်။ ၂၀၁၇ မေလက ကျင်းပသည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး တွင် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့စလုံးကို ဖိတ်ကြား ခဲ့သည်။
ထို့အပြင် အစိုးရနှင့် NCA လက်မှတ်ထိုးရေးညှိနှိုင်းနေသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့နှစ်ဖွဲ့ဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)တို့အနက် KNPP ကိုသာ ၂၁ ရာစုပင်လုံသို့ ဖိတ်ကြားမည်ဟု ဦးဇော်ဌေးက ဆိုသည်။ မြန်မာ- အိန္ဒိယနယ် စပ်အခြေပြု နာဂလက်နက်ကိုင် အဖွဲ့ (NSCN-K)ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဝမ်းစိန်က အစိုးရက ၂၁ ရာစုပင်လုံသို့ ဖိတ်ကြားပါက တက်ရောက်မည်ဟု ပြောကြားထားသည်။
NCA လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် ၂၁ ရာစု ပင်လုံသို့ လေ့လာသူ အဖြစ်လည်းကောင်း၊ အထူးဖိတ်ကြားသူအဖြစ်လည်းကောင်း တက်ရောက် ခွင့်ရှိသော်လည်း ညီလာခံတွင် ပါဝင်ဆွေးနွေးခွင့်မရှိပေ။